ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ရုံးထုတ် လုံခြုံရေးတင်းကြပ်


2018.02.27
aungkohtwe-622.jpg ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Waimar Tun/ RFA

တရားရုံးကို သပိတ်မှောက်ထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာမှာ စည်းကမ်းသတ်မှတ်ချက်တွေ ထပ်တိုးသတ်မှတ်ပြီး လုံခြုံရေးပိုင်းကိုလည်း တင်းတင်းကြပ်ကြပ် ချထားပါတယ်။

ဒီနေ့ ရုံးထုတ်မှာ တရားရုံးတံခါးကို သော့ခတ်ပြီး အဝင်အထွက်တွေကို စိစစ်ကြပ်မတ်တဲ့အထိ လုပ်ဆောင်လာတယ် လို့ ကိုအောင်ကိုထွေးရဲ့ အမဖြစ်သူ မအေးဇာဝင်း က ပြောပါတယ်။

"လူတောင် မနည်းဝင်ရတယ်။ တံခါးကို သော့ခတ်ထားတယ်။ ဘာဝင်လုပ်မှာလဲ၊ နာမည်ဘယ်သူလဲ၊ လိပ်စာ ဘယ်သူလဲ အမတို့ ပေးပြီးသွားပြီ၊ ပေးပြီးတဲ့ဟာကို သူက မရသေးဘူး။ ဖုန်းတွေပေးဆိုပြီးသိမ်းတယ်။ အမတို့ တရားရုံးတွေမှာ အဲလိုမျိုး မတွေ့ခဲ့ဘူး။ ဖုန်းတွေကတဲ့ ဗီဒီယိုရိုက်မှာစိုးလို့တဲ့။ အဲလောက်ထိကို တင်းကြပ်မှုတွေ လုပ်နေတယ်။ အောင်ကိုထွေးကို ဘာပဲဖြစ်ဖြစ် စိတ်ထိခိုက်မှာစိုးလို့ ပံ့ပိုးပေးတဲ့သူတွေလာတာကို သော့ခတ် တယ်။ ဝင်လို့မရတော့ဘူး။ နှစ်ယောက်ပဲ ဝင်လို့ရမယ်။ သုံးယောက်ပဲ ဝင်လို့ရမယ်။ တရားရုံးက ဒီလိုရှိလား။ ဘယ်သူပိုင်တာလဲ အမ သိချင်တာ။ အဲလိုမျိုး ကန့်သတ်ချက်တွေနဲ့ လုပ်ထားတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ဒီမောင်လေးရဲ့ အနားမှာ တစ်ယောက်မှ မလာရဲအောင် သူတို့ လုပ်နေတာ"

အရင်က တရားရုံးတံခါးကို အမြဲဖွင့်ထားပြီး ဝင်ရောက်လိုသူတွေရဲ့ နာမည်စာရင်းသာ ရေးမှတ်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အရင်က တရားရုံးဧရိယာအတွင်း ကင်မရာနဲ့ ရိုက်ကူးခွင့်ကိုသာ ကန့်သတ်ထားပြီး တယ်လီဖုန်းနဲ့ ရိုက်ကူးခွင့်ပြုခဲ့ပေမယ့် ဒီနေရုံးချိန်းမှာ တယ်လီဖုန်းတွေနဲ့ ရိုက်ခွင့်ပါ ကန့်သတ်လိုက်တဲ့အပြင် သတင်းမီဒီယာသမား တွေကို ကင်မရာတွေကို တရားရုံးပြင်ပမှာသာ ထားခဲ့ဖို့ တရားရုံးဝန်ထမ်းတွေဘက်က ပြောဆိုတာတွေ ရှိလာပါတယ်။

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို အချုပ်ကားပေါ်ကနေ တရားရုံးထဲကို ခေါ်ဆောင်ရာမှာလည်း အချုပ်ကားကို တရားရုံးအပေါက်ဝဂိတ်နဲ့ ကပ်ပြီးမှ ဆင်းစေတဲ့အတွက် မီဒီယာတွေအနေနဲ့ သတင်းယူရမှုမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။

ကိုအောင်ကိုထွေးဟာ သူ့ရဲ့ရှေ့နေပါဝါ ရုပ်သိမ်းထားသလို သက်သေအားလုံးကိုလည်း ရုပ်သိမ်းထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ ခ နဲ့တရားစွဲဆို စစ်ဆေးခံနေရစဉ်အတွင်းမှာ ကိုအောင်ကိုထွေးဟာ တရားရုံး မထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။