ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို တိုင်းတရားရုံးက ဆင့်ခေါ်ထား


2019.06.07
aungkohtwe-sep5-622.jpg ကိုအောင်ကိုထွေး ကို အချုပ်ကားပေါ်မှာ ၂၀၁၈၊ စက်တင်ဘာ ၅ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုမှုကို တရားရုံးက လွှတ်ပေးပြီးဖြစ်တဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို တရားလိုဘက်ကအမှုကို ကျေနပ်မှုမရှိဘဲ အယူခံ တင်သွင်းတဲ့အတွက် ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို ဆင့်ခေါ်ထားတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ကို ဖျက်ဆီးတာ၊ ပျက်စီးစေတာ၊ ကိုယ်ကျိုးအတွက် အသုံးပြုတာ မရှိကြောင်းနဲ့ ပြစ်မှုထင်ရှားရှိကြောင်း မပေါ်ပေါက်တဲ့အတွက် ကိုအောင်ကိုထွေးကို ပုဒ်မ ၇ နဲ့ တရားစွဲဆိုမှုကို တရားရုံးက အပြီးပြတ်လွှတ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က ဆုံးဖြတ်ပြီးဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ တစ်ရက်နေ့က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက်တင်ခံရစဉ် ကိုအောင်ကိုထွေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တယ်ဆိုပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူး မောင်မောင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထား တာဖြစ်ပါတယ်။

အခုအယူခံ ဗိုလ်တထောင်မြို့နယ် တရားရုံးမှုခင်းမှတ်တမ်းဌာနက တင်တာဖြစ်ပြီး ရဲမှူး မောင်မောင် ကတော့ သူ့အနေနဲ့ တင်တာမဟုတ်ကြောင်း RFA ကို ပြောပါတယ်။

ကိုအောင်ကိုထွေးဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် နှစ်နှစ်၊ တရား ရုံး မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၈ နဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

သူဟာ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ အတွေ့အကြုံတွေကို RFA ကို ဖြေကြားခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက စတင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လွတ်မြောက်ခါနီးအချိန်မှာ အခုလို အမှုဟောင်းနဲ့ ထပ်မံကြားနားရမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။