ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ရုံးထုတ်


2018.06.19
aungkohtwe-jun5-622.jpg ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်အပြီး တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

တပ်မတော်အနေနဲ့ ကလေးစစ်သားစုဆောင်းမှုတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ကိုအောင်ကိုထွေး ကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့ ဒီနေ့  ရုံးထုတ်ချိန်မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံမှာ ယနေ့အချိန်ထိ တပ်မတော်ဘက်ကနေပြီးတော့ ကလေးစစ်သားကိစ္စကို ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ဖော်ခြင်းမရှိဘူး၊ ပြီးတော့ ကြေညာချက်တွေလည်း ပွင့်လင်းမြင်သာမှုမရှိဘူး၊ အခုသူတို့ ထုတ်ပြန်ကြေညာ ထားတဲ့ ကလေးစစ်သား ၈၇၇ ယောက်ဆိုတာ ကျနော်ပြောရမယ်ဆိုရင် အဲဒါတွေဟာ မိသားစုတွေက နေပြီးတော့ လိုက်ပြီးတော့ တိုင်ကြားလို့ UNICEF၊ ILO တွေကနေပြီးတော့ တိုင်ကြားလို့ ပေါ်ပေါက်တဲ့လူတွေ ဖြစ်တယ်၊ အဲဒီအတွက်ကြောင့် တပ်မတော်ဘက်ကနေပြီး ကလေးစစ်သားကိစ္စနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ဖော်ပေးပါလို့ ကျနော်ပြောချင်တယ်၊ အဲဒီအတွက်ကြောင့် ကျနော်ပြောချင်တာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမုန်းတရားတွေနဲ့ တိုက်နေတဲ့ စစ်ပွဲမှာ ဖြူစင်တဲ့ ကလေးတွေကို အသုံးမချပါနဲ့လို့ ကျနော် ဒီနေ့ ပြောချင်တယ်"

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး လက်ရှိအမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အထိမ်းအမှတ် ဥပဒေ ပုဒ်မ ၇ ကို တရားရုံးပြောင်း စစ်ဆေးပေးဖို့ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင် က အရှေ့ပိုင်းခရိုင်တရားရုံးထံ လျှောက်ထားမှုကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ တရားရုံးပြောင်းရွှေ့ဖို့အတွက် အမိန့်ချမှတ်မှာဖြစ်ပါတယ်။

ကိုအောင်ကိုထွေးက သူ့ကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပြင် ကလေးစစ်သားဟောင်း စုဆောင်းမှုတွေနဲ့ ပတ်သက်တဲ့ မတရားမှုတွေကို ဖော်ထုတ်မှာ စိုးရိမ်တဲ့အတွက် အခုလိုဖမ်းဆီးတာဖြစ်ကြောင်း တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ပြောပါတယ်။

ရုံးပြောင်းခွင့်လျှောက်ထားရာမှာ မင်္ဂလာတောင်ညွှန့် မြို့နယ် တရားရုံးနဲ့ တာမွေမြို့နယ်တရားရုံးတွေကို ဦးစားပေး အနေနဲ့ ပြောင်းချပေးဖို့ တင်ပြထားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

ကိုအောင်ကိုထွေးဟာ ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို သတင်းမီဒီယာကနေတဆင့် ထုတ်ဖော် ပြောဆိုခဲ့မှုကြောင့် တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုကို ရင်ဆိုင်စဉ်မှာ တရားသူကြီးကို ဆဲဆိုမှုအတွက် တရားရုံးမထီမဲ့မြင်မှုနဲ့ ထပ်မံတရားစွဲဆိုခံရကာ အမှုနှစ်ခု အတွက် ထောင်ဒဏ် နှစ်နှစ်ခွဲ ကျခံထားရတာဖြစ်ပါတယ်။

တရားရုံးကို သပိတ်မှောက်ပြီး တရားရင်ဆိုင်နေစဉ်ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် ကို ခြေထောက်နဲ့ နင်းခဲ့တယ်ဆိုပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူး မောင်မောင်က နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေ ပုဒ်မ ၇ နဲ့ ထပ်မံအမှုဖွင့် တရားစွဲဆိုထားမှုကို လက်ရှိရင်ဆိုင်နေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။