အောင်ကိုထွေးကို စွဲချက်တင်သင့်၊ မသင့် သြဂုတ်လ ၂၈ ရက်နေ့ ဆုံးဖြတ်မည်
2018.08.21
နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ခေါင်း ဥပဒေ ပုဒ်မ ၇ နဲ့ ထပ်မံတရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ အမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
ကိုအောင်ကိုထွေးကို စွဲဆိုထားတဲ့အမှုမှာ တရားလိုပြသက်သေတွေဟာ ဥပဒေအရ လက်ခံစဉ်းစားထိုက်တဲ့သူ မဟုတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။
"အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေတယ်၊ ပထမထွက်လိုက်တဲ့အခါကျတော့ ရဲဆီမှာ ထွက်တဲ့ထွက်ချက်မှာ လက်မှတ်ထိုးရပါတယ်၊ နောက်ကျတော့ မဟုတ်ပါဘူး၊ မေးခွန်းကိုနားမလည်လို့ပါ ကတိသစ္စာပြု ပြီးတော့ ရုံးရှေ့မှာ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေတဲ့ သက်သေတွေရဲ့ ထွက်ချက် အဲဒီလိုထွက်ချက်မျိုး ကတော့ ဥပဒေသဘောအရ လက်ခံပြီးတော့ စဉ်းစားနိုင်မယ်လို့ မယုံကြည်ပါဘူး၊ ဒါကြောင့်မို့လို့ ၂၈ ရက်နေ့ စွဲချက်တင်သင့် မတင်သင့်ဆိုတဲ့အချိန်မှာ ကြုံတွေ့ရမယ့်အချက်က ရုံးကလည်း အဲဒီ CD ပြားကို ဖွင့်ကြည့်ပါမယ်တဲ့၊ ဖွင့်ပါ ကျနော်တို့ကလည်း ဖွင့်တာကိုကြိုက်တယ်"
ဒီကနေ့ ကိုအောင်ကိုထွေးကို ရုံးထုတ်စစ်ဆေးအပြီး အချုပ်ကားပေါ်တက်ချိန်မှာ သတင်းမီဒီယာတွေကို စကားပြောနေချိန်မှာ ကိုအောင်ကိုထွေးကို အချုပ်ကားပေါ်အတူပါသူ အချုပ်သားတစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေရှိသလို ဆဲဆိုတာတွေလည်းရှိခဲ့ပါတယ်။
ကိုအောင်ကိုထွေးကို စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေ ၉ ဦးကို တရားရုံးမှာ တင်ပြထားပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တက်နင်းတယ်ဆိုပြီး နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်ခေါင်း ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုအောင်ကိုထွေးဟာ အခုဆိုင် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ၁ နှစ်ကျော် သွားပြီ ဖြစ်ပါတယ်။
ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီးပြန်လည် လွတ်မြောက်လာချိန်မှာ ကလေးစစ်သားအဖြစ် ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေတွေကို RFA မှာဖြေကြားခဲ့တဲ့ တပ်မတော်က တရားလိုပြုလုပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ တရားရုံးကို သပိတ်မှောက်ခဲ့တဲ့အတွက် တရားရုံးမထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံထားရသူဖြစ် ပါတယ်။