ကလေးစစ်သားဟောင်းကို ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်


2018.01.17
aungkohtwe-622.jpg ကိုအောင်ကိုထွေး ကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Aung Thyei Kha/ RFA

သူ့ရဲ့ ကလေးစစ်သားဘ၀ အတွေ့အကြုံကို RFA သတင်းဌာနထံ ပြောကြားခဲ့တဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်ဖို့ ဒီနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်။

ကိုအောင်ကိုထွေးရဲ့ ရှေ့နေ ဦးဇော်မင်းလှိုင်ကတော့ တရားသူကြီးအနေနဲ့ ဒီအမှုက ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက် မတင်သင့်ဘူးလို့ ပြောပါတယ်။

"စွဲချက်တင်တဲ့ တရားသူကြီးရဲ့ အမိန့်ကတော့ မှားတယ်၊ မှန်တယ်လို့ စွပ်စွဲခံရသူရဲ့ ရှေ့နေအနေနဲ့ comment မပေးလိုဘူး။ တရားလိုသည် စွပ်စွဲခံရသူရဲ့ ဖြေကြားချက်တွေမှာ လိုက်လံစုံစမ်းစစ်ဆေးတာ၊ တစ်စုံတစ်ခု ပေါ်ပေါက်ခဲ့ခြင်းမရှိဘဲနဲ့ တရားစွဲတင်လာတယ်။ အဲဒီအတွက်ကို အကိုတို့အနေနဲ့က စွဲချက်မတင်သင့်ဘူးလို့ စွပ်စွဲခံရသူရဲ့ အကျိုးဆောင်အနေနဲ့ အဲဒီလိုပဲ သဘောရိုးနဲ့ ယူဆတယ်"

ဒီကနေ့ ရုံးချိန်းမှာ တရားသူကြီးက စွဲချက်တင်ကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် ကိုအောင်ကိုထွေးကို အပြစ် ရှိ၊ မရှိ မေးမြန်းရာမှာ ကိုအောင်ကိုထွေးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ထံ ကလေးစစ်သားအဖြစ် ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း တိုင်ကြားထားပြီး အခုအချိန်ထိ ILO မှာ အဲဒီတိုင်းတန်းထားမှုကို ပိတ်သိမ်းထားခြင်း မရှိသေးကြောင်းနဲ့ သူရဲ့ ပြောဆိုချက်တွေဟာ ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို ပြောပြခဲ့တာ ဖြစ်တဲ့အတွက် အပြစ်မရှိကြောင်း ကိုအောင်ကိုထွေး က ဒီနေ့ တရားသူကြီးထံ လျှောက်ထားခဲ့ပါတယ်။

တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲချက်တင်လိုက်ပြီ ဖြစ်တာကြောင့် တရားစွဲဆို ခံထားရတဲ့ ကိုအောင်ကိုထွေးနဲ့ ကိုအောင်ကိုထွေးဘက်က သက်သေတွေကို လာမယ့် ရုံးချိန်းတွေမှာ စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကိုအောင်ကိုထွေးကို စတင် စစ်ဆေးမှာဖြစ်ပြီး ကိုအောင်ကိုထွေးကို စစ်ဆေးအပြီးမှာ သူရဲ့ သက်သေ ၇ ဦးကို စစ်ဆေးသွားမှာဖြစ်ပါတယ်။

ကိုအောင်ကိုထွေးဟာ အသက် ၁၄ နှစ် ဝန်းကျင်အရွယ်မှာ ကလေးစစ်သားအဖြစ် စုဆောင်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် တပ်ကနေ ထွက်ပြေးစဉ်မှာ လူသတ်မှုဖြစ်ခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်နီးပါး ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းမှာ ထောင်ကနေ ပြန်လွတ်လာပြီး သြဂုတ်လအတွင်းမှာ သူ့ရဲ့ ကလေး စစ်သားဘ၀ အတွေ့အကြုံတွေကို RFA သတင်းဌာနကို ပြောကြားခဲ့တဲ့အတွက် သြဂုတ်လ ၁၈ ရက်နေ့မှာ ပြန်လည် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။