ထိုင်းနိုင်ငံရောက် ဝန်ကြီးဦးအောင်မင်း တိုင်းရင်းသားအဖွဲ့များ၊ ပါတီများနဲ့ဆွေးနွေး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကိုရောက်ရှိနေတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းဟာ လက်နက်ကိုင်အဖွဲ့များတင်မက တိုင်းရင်းသားအဖွဲ့များ၊ ပါတီများနဲ့ လူမှုရေးအဖွဲ့များပါ တွေ့ဆုံလျက်ရှိတယ်လို့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ပြောကြား လိုက်ပါတယ်။

2012.11.10
u-aung-min-305.jpg ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းပုံ
Photo: RFA

ဝန်ကြီးဦးအောင်မင်းအနေနဲ့ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာအဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံပြီး ယုံကြည်မှု တည်ဆောက်နေတာဖြစ်တယ်လို့ ဝန်ကြီးနဲ့ လိုက်ပါလာတဲ့ အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။

UNFC ဒုဥက္ကဌ(၁) အဘယ်တွီ ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ယောက်ပါအဖွဲ့ဟာ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့နဲ့ အချိန်အတော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရရှိခဲ့တာလို့ UNFC တွဲဖက်အတွင်းရေးမှူး ဦးခွန်ဥက္ကာ က RFA ကို ပြောပါတယ်။

"ဆွေးနွေးတာတော့ တော်တော်ဆွေးနွေးပါတယ် သို့သော်လည်းပဲ အဖြေရပြီးတော့ တိတိကျကျလေး ကျနော်တို့ဆုပ်ကိုင်မိတဲ့ နှစ်ဖက်သဘောတူတဲ့ဟာကတော့ ကျနော်တို့ တောက်လျှောက်တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ ဆွေးနွေးမယ်ဆိုတဲ့ဟာကို  နှစ်ဖက်သဘောတူသွားတယ်။ ဆွေးနွေးတဲ့နေရာမှာလည်း တစ်ဖွဲ့ချင်းမဟုတ်ပဲနဲ့ UNFC တပ်ပေါင်းစုအနေနဲ့ တစ်ပေါင်းတစ်စည်းထဲ ဆွေးနွေးမယ်ဆိုတဲ့ အချက်မှာလည်းအဲ့ဒါ သဘောတူပါတယ်။ ဒီအပေါ်မှာတော့ ရလာဒ်ကောင်းပဲလို့ယူဆပါတယ်"

ရှေ့လထဲမှာ UNFC နဲ့ နိုင်ငံရေးဆွေးနွေးမှုတွေစတင်မှာဖြစ်ပြီး ကြားကာလမှာတော့ နှစ်ဖက်ကိုယ်စားလှယ်တွေ အပြန်အလှန်ဆွေးနွေးဖလှယ်ပြီး လုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံကို သွားရောက်ဖို့တွေရှိတယ်လို့ ဆက်ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ဒုဥက္ကဌ အေဘယ်တွီ ဦးဆောင်ပြီး၊ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်၊ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်၊ စစ်ဦးစီးချူပ် ဗိုလ်ချူပ် ဘီထူး၊ ပြည်ထဲရေးဝန်ကြီး ခူးဖဲဘူး တို့ဟာ နေ့လည်ပိုင်းအထိ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ခူးဦးရယ် က ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ သဘောတူညီချက် ၁၄ ချက်ပေါ်မှာ မှီပြီးတော့ Review ပြန်လုပ်ဖို့၊ နောက်ပြီး အဲဒီ သဘောတူညီချက် တစ်ချက်ခြင်းကို ဘယ်လို လက်တွေ့ကျကျ အကောင်အထည်ဖော်မလဲပေါ့နော်။ တရားဝင် နောက်လတွေ့မယ့်အချိန်ကြရင် အဲ့ဒါတွေကို ကျနော်တို့ အသေးစိတ် ပြန်လည်ဆွေးနွေးဖို့ အဲဒီကိစ္စပဲအဓိကထားပြီး ကျနော်တို့ဆွေးနွေးတယ်။ နောက်ပြီးတော့ အထူးသဖြင့် စစ်ရေးကိစ္စမှာ ပိုပြီးတော့ ခိုင်မာတိကျတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်ဖို့ပေါ့"

KNPP အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတာဟာ အလွတ်သဘောတွေ့ဆုံတာဖြစ်တဲ့အတွက် အခုဆွေးနွေးတင်ပြချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ဆက်တင်ပြပေးသွားပြီး နောက်ထပ်တရားဝင် တွေ့ဆုံဆွေးနွေးချိန်မှာ အဆင်သင့်ဖြစ်နိုင်အောင် ပြင်ဆင်သွားမယ်လို့ ဝန်ကြီးဦးအောင်မင်း က ပြောဆိုကြောင်းလဲ သိရပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဌ ဦးအောင်မိုးဇော် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၆ယောက်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ DPNS အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားလှယ်လွှတ်ပြီး လေ့လာရေးခရီးအဖြစ် တရားဝင်သွားရောက်လိုကြောင်း ဆွေးနွေးခဲ့ရာ သဘောတူညီမှုရရှိခဲ့ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို မြန်မာပြည်တွင်း ဝင်ရောက်ဖို့ ကိစ္စကိုတော့ အစိုးရအနေနဲ့ တရားဝင်စာထုတ်ပြီး ဖိတ်ခေါ်ဖို့ ပြောဆိုခဲ့တယ်လို့ ဦးအောင်မိုးဇော် က ပြောပါတယ်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အဖွဲ့က ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်နဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်သုခ တို့ကလည်း ဝန်ကြီးဦးအောင်မင်းနဲ့ အလွတ်သဘောတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့နောက်ကွယ်မှာ ALP ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အပေါ် လုံးဝ မပတ်သက်တဲ့အကြောင်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဦးခိုင်သုခ က ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ) WLB အဖွဲ့က အထွေထွေအတွင်းရေးမှူး မတင်တင်ညို ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ယောက်ကလည်း အမျိုးသမီးအဖွဲ့ဝင်တွေအနေနဲ့ မြန်မာနိုင်ငံတွင်း သွားရောက်လေ့လာရေးခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ချင်းမိုင်အခြေစိုက် ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့က တာဝန်ခံ ကိုဝင်းအောင်နဲ့အဖွဲ့ကလည်း မြန်မာနိုင်ငံတွင်းကို ဖြတ်သန်းသွယ်တန်းမည့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကိစ္စ၊ ရခိုင်ပြည်နယ် အတွင်းဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ဒီကနေ့ညနေမှာ ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဘန်ကောက်မြို့ကို ပြန်လည်ထွက်ခွာသွားကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။