ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲ ဝင်ဖို့ လွိုင်ကော်ခရိုင်မှာ စာရင်းပေး


2015.08.13
aungmin-620.jpg နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုတွေ့ရစဉ်
Photo: RFA

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ ကနေ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့အတွက် လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှာ အမည်စာရင်းတင်လိုက်ပါတယ်။ ဝန်ကြီး ဦးအောင်မင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ လူဦးရေ ၄ထောင်ကျော်ရှိတဲ့ ရှားတောမြို့နယ် တစ်ခုလုံးပါဝင်တယ်လို့ လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးညီညီမင်းက ပြောပါတယ်။

"ဦးအောင်မင်းက ၁၁ ရက်နေ့က ကိုယ်စားလှယ်အနေနဲ့ တင်တာပါ၊ သူ့မဲဆန္ဒနယ်က ရှားတောမြို့တစ်မြို့လုံးပါ မဲဆန္ဒနံပါတ် ၇ ပါ လူဦးရေက လေးထောင်နီးပါရှိပါတယ်"

ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲဝင်မယ့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီနဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီက ကိုယ်စားလှယ်လောင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။ ဝန်ကြီး ဦးအောင်မင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့တာဖြစ်ပါတယ်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာလည်း ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်ထားပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ လူဦးရေ ၂သိန်း ၇သောင်းကျော်ရှိရာ အဲဒီထဲမှာ မဲပေးခွင့်ရှိသူ ၁သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။