ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီ ၁၄ ခု တွေ့ဆုံဆွေးနွေး
2012.07.22

ဒီ တွေ့ဆုံပွဲဟာ နိုင်ငံရေးပါတီ ၁၄ ခုနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ လာမယ့် သီတင်းနှစ်ပတ် အတွင်း တွေ့ဆုံနိုင်ဖို့ အတွက် အကြို ဆွေးနွေးတာ ဖြစ်ပြီး၊ နိုင်ငံရဲ့ အကျိုးကို လိုလားသူ အားလုံးနဲ့ အတူတကွ လက်တွဲ ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ အခုလို တွေ့ဆုံခဲ့တာလို့ ဝန်ကြီး ဦးအောင်မင်းက RFA ကို ပြောပါတယ်။
"တွေ့တဲ့ အကြောင်းရင်းကတော့ သမ္မတကြီးပြောတဲ့အတိုင်း တမျိုးသားလုံးစည်းလုံးညီညွတ်ရေးပေါ့နော်။ အဲဒီထဲမှာလည်း All inclusive ပေါ့။ အဲဒီထဲမှာ ပါတီတွေ ပေါင်းစုံပါရမယ်။ NGO တွေ ပေါင်းစုံ ပါရမယ်။ တိုင်းရင်းသားတွေ အားလုံး ပေါင်းစုံ ပါရမယ်။ တိုင်းရင်းသားတွေနဲ့လည်း peace process တွေ လုပ်မှာပေါ့နော်။ ပါတီတွေဆိုလည်း ပါတီကြီးငယ်လို့် မခွဲခြားထားပါဘူး။ ပါတီ အသေးလေးတွေကိုလည်း ဒီအထဲမှာ ပါဝင် ပတ်သက်စေချင်ပါတယ်။ ပါတီတွေရဲ့ ရည်ရွယ်ချက်ကလည်း သူတို့က လူဦးရေ သန်း ၆၀ အတွက် လုပ်နေတာလေ။ ရည်ရွယ်ချက်ချင်းက တူတာပဲ။ ဘာပဲ ဖြစ်ဖြစ် သူတို့နဲ့ ပေါင်းလုပ်ရမှာ ဖြစ်တယ်လေ။"
ဒီ တွေ့ဆုံပွဲမှာ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။
ဆွေးနွေးပွဲဟာ ပွင့်လင်းမှုရှိပြီး မတူတဲ့အမြင်တွေကိုပါ ဆွေးနွေးနိုင်ခဲ့တယ်လို့ တစည ပါတီခေါင်းဆောင် ဦးဟန်ရွှေက ပြောပါတယ်။
"ပြောကြတာတွေ တော်တော် ကောင်းပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စပါ ဆက်နွယ်ပြီးတော့ ပါသွားပါတယ်။ ပါတီတွေ တော်တော်လေးပွင့်ပွင့် လင်းလင်း ပြောကြပါတယ်။ ဝန်ကြီး ဦးစိုးသိမ်းကလည်း နားခါးအောင် ပြောတာကို နားဝင်အောင် နားထောင်နိုင်လို့ ရှိရင် ဒီမိုကရေစီ ရောက်တာပဲလို့ သူ့ concept ပြောတာ ရှိတယ်။ ဒီမှာ တော်တော်လေး ပြောကြဆိုကြတော့ နားခါးတာလည်း ပါမှာပေါ့။ နားချိုတာလည်း ပါမှာပေါ့။"
သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင်က နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့တဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများ ၁၀ ပါတီဟာလည်း ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိမ်းတို့နဲ့ အလားတူ အကြိုတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ များမကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိသလို၊ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့လည်း ပထမဦးဆုံး အကြိမ် တွေ့ဆုံဖို့ ရှိပါတယ်။
ဒီ နိုင်ငံရေးပါတီ ၁၄ ခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ဝန်ကြီး ဦးအောင်မင်းနဲ့ RFA တွေ့ဆုံ မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |