ဝန်းသိုစော်ဘွားကြီး ၁၅၅ နှစ်ပြည့် အခမ်းအနား ကျင်းပ
2017.01.15

သီပေါဘုရင် ပါတော်မူပြီးနောက် မြန်မာပြည်မြောက်ပိုင်းကနေ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ခဲ့တဲ့ ရှမ်းအမျိုးသား ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ၁၅၅ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
စော်ဘွားကြီးရဲ့ အထိမ်းအမှတ်ပွဲကနေတဆင့် ရှမ်းမျိုးနွယ်စုတွေ ပြန်လည်တွေ့ဆုံကြပြီး ချစ်ကြည် ရင်းနှီးမှုကို ရရှိစေတယ်လို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်ညွှန့် က ပြောပါတယ်။
"အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဝန်သိုစော်ဘွား ဦးအောင်မြတ်ကြီးကို ဂုဏ်ပြုချင်တဲ့ဆန္ဒ တစ်ခုတည်းနဲ့ ကျနော်တို့ ရှမ်းစော်ဘွားကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရှမ်းမျိုးနွယ်စုတွေအားလုံး က ဒေသအသီးသီးကလည်းပဲ ကျနော်တို့မြို့ကို ချီတက်ပြီးတော့မှ လှည့်လည်ကြပါတယ်၊ နှစ်ပေါင်းများစွာ ခွဲခွါနေခဲ့ကြရတဲ့ ဆွေမျိုးတွေပြန်ဆုံတဲ့ပွဲလေး၊ ချစ်ကြည်ရင်းနှီးမှုကိုပြန်ပြီးတော့မှ ဝန်းသိုမြို့မှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ လူထုအများဆုံး ရှမ်းမျိုးနွယ်စုတွေဆုံတဲ့၊ အဝေးရောက်မျိုးနွယ်စုတွေဆုံတဲ့ပွဲလို့ ပြောလို့ရတဲ့ အတွက်ကြောင့်မို့လို့ အင်မတန်မှ အနှစ်သာရပြည့်ဝတဲ့ ပွဲလေးတစ်ခုဖြစ်ပါတယ်"
အခမ်းအနားကို စော်ဘွားကြီးရဲ့ မိသားစုဝင်တွေ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရှမ်းနီလူငယ် နဲ့ ရှမ်းအဖွဲ့အစည်းတွေ၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားကို မနက်ဖြန် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ရှမ်းရိုးရာယဉ်ကျေးမှု ဖျော်ဖြေ ပွဲတွေ၊ ပြည်ထောင်စုအရေးနဲ့ ပတ်သက် ပြီး မြန်မာပြည်မြောက်ပိုင်းက ရှမ်းလူမျိုးတွေ ပါဝင်ခဲ့ကြတဲ့ အခန်းကဏ္ဍ စတဲ့ သမိုင်းဆိုင်ရာ ပြခန်းတွေကို ဖွင့်လှစ်ပြသနေပါတယ်။
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ် ဦးဆောင်ပြီး သူ့ကျွန်မခံစိတ်နဲ့ တော်လှန်ခဲ့တဲ့ မှန်ကင်းတောင် တိုက်ပွဲ၊ ဒေါင်းမြူးချောင်းအနီး ကျိုင်းခွင်တောင်တိုက်ပွဲ စတာတွေဟာ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ စော်ဘွားကြီးရဲ့ နယ်ချဲ့တော်လှန်ရေးတိုက်ပွဲတွေ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း စတဲ့ ဒေသတွေက တိုင်းလျန်၊ တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းချောင်း ၊ မြေလတ်ရှမ်းစတဲ့ ဒေသအလိုက် အမည်အမျိုးမျိုး နဲ့ ခေါ်ဝေါ်နေကြတဲ့ ရှမ်းနီ တိုင်းရင်းသားတွေနဲ့ ဗမာ၊ ရှမ်း၊ ကတူး စတဲ့ ဋ္ဌာနတိုင်းရင်းသားတွေကို စော်ဘွားကြီးက ဦးဆောင်ပြီး နယ်ချဲ့ကို တော်လှန် ခဲ့တာဖြစ်ပါတယ်။
ရှမ်းနီအမျိုးသားဖြစ်တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ကို မြန်မာသက္ကရာဇ် ၁၂၂၃ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက် ၁၀၃ နှစ်အရွယ် မြန်မာနှစ် ၁၃၂၆ ခုနှစ်မှာ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
စော်ဘွားကြီးရဲ့ အသက် ၁၅၅ ပြည့် နဲ့ ဝန်းသိုမြို့တည်ထောင်တဲ့ ၁၀၇၅ ပြည့်နှစ်အခမ်းအနားကို ဗန်းမော်၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ မော်လိုက်၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်မောက် စတဲ့ မြန်မာပြည်မြောက်ပိုင်းက ရှမ်း၊ ကတူး၊ ကနန်း၊ ဗမာ စတဲ့ ဒေသခံ တိုင်းရင်းသား နှစ်ထောင်ဝန်းကျင် တက်ရောက်ကြပါတယ်။