ဦးကိုနီအမှုကွင်းဆက် ထုတ်ဖော်ပြောခဲ့တဲ့ ဦးအောင်စိုးကို CID ခေါ်တွေ့


2017.02.09
aungsoe-620.jpg ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်တဲ့ တရားခံကို ထုတ်ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုး ကို တွေ့ရစဉ်
Photo: Nay Myo Zin FB

တရားလွှတ်တော်ရှေ့နေ  ဦးကိုနီလုပ်ကြံခံရမှုနဲ့ ဆက်စပ်တဲ့ တရားခံကို ထုတ်ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုး ကို မနေ့က အင်းစိန်မြို့နယ် မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)ရုံးက ခေါ်ယူမေးမြန်းခဲ့ပါတယ်။

အင်းစိန် စီအိုင်ဒီရုံးက  ရဲမှူးအဆင့်ရှိသူ ရဲအရာရှိတစ်ဦးက ဦးအောင်စိုး ကို မနက် ၉ နာရီဝန်းကျင်ကနေ ညနေ ၄ နာရီထိ ခေါ်ယူမေးမြန်းခဲ့တာဖြစ်ပြီး အမှုနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေကို မေးမြန်းခဲ့တယ်လို့ ဦးအောင်စိုး က ပြောပါတယ်။

"ကိုယ်ငယ်စဉ်ဘဝက ဘယ်မှာမွေးခဲ့တာလည်း၊ ဘယ်မှာကြီးခဲ့တာလဲ၊ ကျောင်းဘယ်နှစ်တန်းထိ သင်ခဲ့တာလဲ၊ ဘာအလုပ်ကိုင်လုပ်ခဲ့တာလဲ၊ ထောင်ဘယ်နှစ်ကြိမ်ကျဖူးလဲ၊ ဘာအမှုတွေနဲ့ ကျခဲ့တာလဲ၊ လက်ရှိ ဘယ်မှာနေထိုင် တာလည်း အောင်ဝင်းဇော်က ဘယ်လိုလာခေါ်တာလည်း ကြည်လင်း တို့လူသတ်မှုဖြစ်တဲ့အချိန်မှာ ဘယ်လိုတွေ သတင်းပေး ဘယ်လိုလုပ်ကိုင်တာလဲ အစအဆုံးအစုံပဲပေါ့၊ အဲဒါတွေ အသေးစိတ်မေးမြန်းတာပေါ့၊ ထင်မြင် ချက်လေးတွေမေးတယ်၊ ကိုယ်ကလည်း ကိုယ်ထင်မြင်တာလေးတွေ ဖြစ်နိုင်တာလေးတွေ ပြောပြတာပေါ့"

ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သတ်ပြီး တရားရုံးမှာ စစ်ဆေးတဲ့အခါမှာလည်း သက်သေအဖြစ် ထွက်ဆိုပေးဖို့ လိုအပ်ပါက ထွက်ဆိုပေးသွားမယ်လို့ ဦးအောင်စိုး က ပြောပါတယ်။

လတ်တလောမှာ သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးဖို့ကိုလည်း စီအိုင်ဒီက ရဲအရာရှိနဲ့ မနေ့က တွေ့ဆုံတဲ့အချိန်မှာ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးနဲ့ပတ်သတ်ပြီး လတ်တလောမှာ အသက်အန္တရာယ်ခြိမ်းခြောက်ပြောဆိုတာတွေ မရှိပေမယ့်လည်း ဦးအောင်စိုးရဲ့ ဆံပင်ညှပ်ဆိုင်ကို သံသယဖြစ်ဖွယ်ရာရှိတဲ့သူတွေ အခုရက်ပိုင်းလာရောက် အကဲခတ်လေ့လာ တာမျိုးတွေတော့ ရှိနေတယ်လို့  ဦးအောင်စိုး က ပြောပါတယ်။

ဦးကိုနီကို လုပ်ကြံမှှုနဲ့ လက်ရှိ ဖမ်းခံထားရတဲ့  ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နဲ့ ဦးအောင်စိုး အကျဉ်းကျခဲ့တုန်းက ထောင်ထဲမှာ တွေဆုံခဲ့ဖူးကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။