အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုမှာ သေဆုံးသူ တစ်ဦးကို ထပ်မံတေ့ွရှိ
2016.10.16

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် မနေ့က နစ်မြုပ်မှုမှာ လက်ရှိအချိန်အထိ သေဆုံးသူ ၅ ဦးကို တွေ့ရှိထားပြီး ၁၅၈ ဦးကို ကယ်တင်နိုင်ခဲ့ပေယ့် လူတစ်ရာကျော်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ကနီမြို့အနီးမှာ လူသေအလောင်းတစ်ခုကို ဒီနေ့ ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။
"မနေ့ညက ကယ်ဆယ်လိုက်တာကတော့ လူ ၁၅၈ ဦးနဲ့ လူသေအလောင်းကတော့ ၅ လောင်းတွေ့ပါပြီ ၊ နောက်ထပ် တစ်လောင်းကတော့ ခုလိုက်နေတုန်းပဲရှိသေးတယ်၊ ခုမုံရွာမြို့က ပရဟိတ အသင်းတွေ အကုန်လုံးနီးပါး ကနီ ကိုရောက်ပြီးတော့ ဘယ်တောင်ပံ ညာတောင်ပံဖြန့် ပြီးတော့ ကားတွေကလည်း ၁၉ စီး အစီး ၂၀ ကျော်နဲ့ စောင့်နေတယ်။ လူတွေကလည်း အများကြီး ရာဂဏန်းလောက်ရှိမယ် အဲဒီမှာ လှေတွေ နဲ့ကော စက်လှေတွေနဲ့ကော အဲဒီချင်းတွင်းမြစ်ထဲမှာ လိုက်ဆယ်နေကြတယ်"
ကနီမြို့နယ် မိကျောင်းတွင်းရွာနားက ချင်းတွင်း မြစ်ကွေ့မှာ နစ်မြှုပ်သွားတဲ့ ရေယာဉ်ကို ရှာဖွေနေ ပေမယ့် မတွေ့ရသေးဘဲ အဲဒီ မော်တော်ယာဉ် အတွင်းပိုင်းထဲ က အထူးခန်းမှာ သေဆုံးသူတွေ အတော်များများရှိနိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီ ခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အတွင်း လူ ၃၀၀ ကျော်ကို တင်ဆောင်လာ တဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ် ခဲ့တာဖြစ်ပါတယ်။
အမြန် ရေယာဉ် တစ်စီးမှာ ခရီးသည် ၁၂၀ ကျော်သာ စီးနင်းခွင့်ပြုဖို့ သတ်မှတ် ထားပေမယ့် လူ ၃၀၀ ကျော်အထိ တင်ခဲ့သလို ကုန်ပစ္စည်းတွေအပါအဝင် ယာဉ်အမိုးပေါ်မှာ မော်တော် ဆိုင်ကယ်တွေ တင်ခဲ့တဲ့ အတွက် မနိုင်ဝန်ဖြစ်ပြီး တိမ်းမှောက်ခဲ့ရတာလို့ အသက်ရှင် လွတ်မြောက်လာသူတွေ က ပြောပါတယ်။
ဒါ့အပြင် ရေယာဉ်ပေါ်မှာ အသက်ကယ် ဝတ်စုံတွေ အလုံအလောက် မပါလာဘူးလို့လည်း ပြောကြပါတယ်။
ပျောက်ဆုံးနေသူတွေကို ကူညီကယ်ရှာဖွေပေးနေတဲ့ ဟိတသုခ လူမူကူညီရေး အသင်း က ဦးသိန်းဇော်က ချင်းတွင်းမြစ်ထဲမှာ ရေယာဉ်မှောက်တဲ့ အကြိမ် ၄ ကြိမ်ထိ ရှိနေပြီ ဖြစ်ပြီး ဒီတကြိမ်ဟာ သေဆုံးပျောက်ဆုံးတဲ့သူ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။