ရေယာဉ်နစ်မြုပ်မှုမှာ သေဆုံးသူ ၂ဝ ကျော်ရဲ့ ရုပ်အလောင်းတွေ တွေ့ ရှိ
2016.10.17

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီးမှာ အောင်စိုးမိုးကျော်အမြန်ရေယာဉ် နစ်မြုပ် မှုကြောင့် သေဆုံးနေတဲ့ ရုပ်အလောင်း ၂၀ ကျော်ကို ဒီနေ့ ထပ်မံဆယ်ယူရရှိထားတယ်လို့ ကယ်ဆယ်ရေးဆောင် ရွက်နေသူတွေက ပြောပါတယ်။
ကနီမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ များတယ်လို့ ပြောပါတယ်။
"ဒီနေ့ ဖြစ်တဲ့နေရာက လေးလောင်း အခုလောလောဆယ်တွေ့တယ်။ ကနီမှာ ၁၁ လောင်း၊ မုံရွာမှာ ၅ လောင်း၊ ချောင်းဦးဘက်မှာ ၁ လောင်း အဲဒါဒီနေ့တွေ့ထားတဲ့ စာရင်းအရပေါ့နော်။ စုစုပေါင်း ၂၇ လောင်း ပေါ့။ အထူးသဖြင့်တော့ အမျိုးသမီးတွေပဲဖြစ်တယ်။ ယောင်္ကျားလေး အလောင်းက ၁ လောင်း ပဲ တွေ့သေးတယ်။ ကျန်တာကတော့ အမျိုးသမီးနဲ့ ကလေး နှစ်ယောက်ပါတယ်။အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသမီးလေးတွေပါ။" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။
ရေယာဉ်စတင်နစ်မြုပ်တဲ့နေမှာ အလောင်း ၅ လောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က အလောင်း ၂ လောင်းနဲ့ ဒီနေ့မှာ ၂၁ လောင်း ဆယ်ယူရရှိခဲ့တာပါ။
အလောင်းတွေကို ကနီမြို့နယ်အနီးက ကျွန်းငယ်တစ်ခုမှာ စုထားပြီး သက်ဆိုင်ရာမိသားစုဝင်တွေကို တစ်ရက်စောင့် ဆိုင်းပြီးမှ သဂြိုဟ်ဖို့ ပြင်ဆင်ထားပါတယ်။ သေဆုံးသူတွေရဲ့ လက်ဝတ်လက်စားတွေနဲ့ ရရှိတဲ့ အထောက်အထား ပစ္စည်းတွေကို ရဲတပ်ဖွဲ့ဘက်က မှတ်တမ်းပြုစုနေတယ်လို့ ဦးထွန်းထွန်းဝင်း က ပြောပါတယ်။
နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော်ရေယာဉ်ကို ရေငုပ်သမားတွေက ဒီနေ့မနက်က ဆယ်ယူနေပေမယ့် ရေစီးသန် တာကြောင့် ညနေပိုင်းအထိ ဆယ်ယူလို့ မရသေးဘူးလို့လည်း ပြောပါတယ်။