ဖမ်းဆီးခံ အောင်သပြေရွာသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆို


2019.05.19
aungthapyay-villager-protest-622.jpg မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆန္ဒပြတဲ့ အောင်သပြေရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၂ဝ၁၉ ခုနှစ် မေ ၁၅ ရက်နေ့က ပဋိပက္ခဖြစ်ပွားစဉ်
Photo: Khaymani Win‎/RFA

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ တည်ဆောက်နေတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ ရန်ကုန်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၅၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ညနေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးခံရသူတွေ အမြန်ဆုံးပြန်လွှတ်ပေးရေး အပါအဝင် အချက် လေးချက်ကို တောင်ဆိုပြီး ဒီမိုကရေစီအင်အားစု အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်နဲ့ ဗကသ အဖွဲ့ဝင်တွေက ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ပန်းဆိုးတန်းကနေ ရန်ကုန်မြို့တော် ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးဌေးအောင်က RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အောင်သပြေကျေးရွာသားတွေ ပြန်လွှတ်ပေးဖို့၊ တရားစွဲဆိုထားတဲ့အမှုတွေကို ပြန်လည်ရုပ်သိမ်းပေး ဖို့၊ အောင်သပြေကျေးရွာမှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းပေးဖို့နဲ့ ကျောက်မီးသွေးသုံး ဘီလပ်မြေစက်ရုံ စီမံကိန်းကို အမြန်ဆုံး ဖျက်သိမ်းပေးဖို့ အချက် လေးချက်ကို တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက် တင်ထားခဲ့တာမရှိတာကြောင့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ ဆန္ဒပြနေချိန်မှာ လာရောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ အောင်သပြေကျေးရွာ ပတ်ဝန်းကျင်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီရှိနေဆဲဖြစ်ပြီး ရွာအတွင်းဝင်ရောက် ဖမ်းဆီးမှာကို ဒေသခံရွာသားတွေက ကြောက်ရွံ့နေတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး လမ်းပိတ်ဆန္ဒပြနေတဲ့ အောင်သပြေကျေးရွာသားတွေကို မေလ ၁၅ ရက်နေ့မနက်မှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် ရွာသား ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သတင်းထောက်တစ်ဦးနဲ့ ရွာသား ၁၃ ယောက်ကို ဖမ်းဆီးပြီး ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှာ ပုဒ်မ - ၃၃၃ ပြည်သူ့ ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ - ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ မီးဖြင့်သော်လည်းကောင်း ပေါက်ကွဲစေတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ- ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ အမှုဖွင့် ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။