ဆန္ဒပြ အောင်သပြေကျေးရွာသားတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

2019.05.15
aungthapyay-villager-conflict-622.jpg ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို အောင်သပြေကျေးရွာသားတွေ ကန့်ကွက်ဆန္ဒပြတဲ့နေရာမှာ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ၂၀၁၉ မတ်လကတွေ့ရစဉ်
Photo: Khaymani Win/ RFA

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာနားမှာ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်တဲ့နေရာမှာ ရွာသားတွေနဲ့ရဲတပ်ဖွဲ့တို့ ဒီနေ့အဓိကရုဏ်းဖြစ်လို့ သတင်းထောက် တစ်ယောက် အပါအဝင် အနည်းဆုံး လူ ၃ ယောက်အဖမ်းခံရပြီး၊ အရပ်သား ၁၇ ယောက် ဒဏ်ရာရသွားသလို၊ စက်ရုံပစ္စည်းတချို့လည်း မီးရှို့ဖျက်ဆီးခံရပါတယ်။  RFA သတင်းထောက် မခေမဏီဝင်းနဲ့ ကိုနေရိန်ကျော် ပူးပေါင်း တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~

■ ဖက်စပ်ကုမ္ပဏီတခုဖြစ်တဲ့ Myanmar Conch Cement (Alpha Cement) က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာအနီးမှာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေတာကို ဒေသခံရွာသားတွေက ကန့်ကွက်နေကြပြီး၊ ဒီနေ့မနက်မှာတော့ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့အကြား အဓိကရုဏ်းဖြစ်ရာကနေ ပစ်ခတ်နှိမ်နင်းတာကြောင့် ဒေသခံသတင်းထောက်တစ် ယောက် အပါအဝင် သုံးယောက်အဖမ်းခံရပြီး၊ ၁၇ ယောက် ရာဘာကျည် ထိမှန်ဒဏ်ရာရသွားပါတယ်။

ကုမ္ပဏီကားတွေမဝင်ရအောင် မနေ့ကတည်းက ဒေသခံတွေက ရွာလမ်းကို ပိတ်ဆို့ဆန္ဒပြနေရာကနေ ဒီနေ့မနက်လေးနာရီလောက်ကစလို့ ရဲတပ်ဖွဲ့က လူစုခွဲဖို့ပစ်ခတ်တာလို့ သူကိုယ်တိုင် လက်မှာ ဒဏ်ရာရခဲ့တဲ့ ကျေးရွာရာအိမ်မှူး ကိုမိုးလင်းက ပြောပါတယ်။

“မနက်လေးနာရီခွဲလောက်ကနေ ရဲအင်အားနဲ့ ဖြိုခွဲတယ်၊ ကျနော်တို့လူတွေက ခုခံရင်းနောက်ဆုတ်ပြေးတော့ သူတို့က ရာဘာကျည်နဲ့ပစ်တယ်၊ မျက်ရည်ယိုဗုံးတွေ ဖောက်ခွဲတယ်။ ကျနော်က ညာဘက်လက်မောင်း မှန်ခံရတယ်၊ ရာဘာကျည်မှန်ခံရတာ ၁၇ ယောက်လောက် ရှိတယ်။ အများဆုံးက ၇ ချက် မှန်ခံရတဲ့သူ တစ်ယောက်ရှိတယ်”

ဒဏ်ရာတွေကိုတော့ ကျေးလက်ဆေးပေးခန်းမှာပဲကုသနေတယ်လို့ပြောပါတယ်။ အစောပိုင်းမှာ ရွာသားတစ်ယောက်ဖြစ်တဲ့ ကိုမင်းနိုင်ဆိုသူကို ရဲကဖမ်းလိုက်တဲ့အတွက် သူ့ကို တစ်နာရီအတွင်း ပြန်လွှတ်ပေးဖို့ ရွာသားတွေကတောင်းဆိုကြပါတယ်။ အဲဒီလိုနှစ်ဖက်အခြေအတင်ဖြစ်နေတဲ့အချိန်မှာ ဖေ့စ်ဘွတ်ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ Channel Mandalay TV က သတင်းထောက် ကိုနန္ဒနဲ့ အဲဒီရွာကမဟုတ်တဲ့ အရပ်သားတယောက်ကိုလဲရဲက ဖမ်းလိုက်တယ်လို့ဆိုပါတယ်။ ဒဏ်ရာရလိုက်တဲ့ ကိုရန်မျိုးက အခုလိုပြောပြပါတယ်။

“ကုမ္ပဏီကို ကန့်ကွက်တာနဲ့ လမ်းပေါ်တက်လို့ဆိုပြီး ကျနော်တို့ကို သေနတ်နဲ့ ဝိုင်းပစ်တာ။ ကျနော်တို့လည်း ပြေးရင်းနဲ့ ရွာနားကိုပြန်ရောက်လာတာ။ သူတို့ကလည်း… အဲဒီကောင်ကို တည့်တည့်ပစ်၊ အဲဒီကောင်ကို မှန်အောင်ပစ်လို့ ပြောပြီး ကျနော့်ကို မဲပြီးလိုက်ပစ်တယ်။ ရင်ဘတ်တည့်တည့် ဝင်မှန်တာပေါ့”

အဓိကရုဏ်းဖြစ်နေတဲ့အချိန်မှာ စက်ရုံကကား ၄ စီးနဲ့တခြားပစ္စည်းတချို့ကို မီးရှို့လိုက်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွာသားတဦးဖြစ်တဲ့ ကိုမြင့်ခိုင်ကအခုလိုပြောပြပါတယ်။

“ကိုမင်းနိုင်ကို လွှတ်မပေးဘူးဆိုရင် မီးရှို့မယ် ဝင်ဖျက်ဆီးမယ်ဆိုပြီး ပြောကြတယ်။ အဲဒီလို ပြောနေတုန်းမှာပဲ၊ ဒီကလည်း သွားကြတဲ့အခါမှာ ဟိုရောက်တော့ ရှို့ထားနေပြီ။ ပွဲလန့်တုန်းဖျာခင်း ဆိုတဲ့ပုံစံမျိုး လုပ်ထားတာတွေလည်း ရှိတယ်”

အဲဒီစက်ရုံစီမံကိန်းကို အစောပိုင်းမှာ မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စုကုမ္ပဏီက သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂ဝ၁၅ ခုနှစ် ဇွန်လမှာ တိုင်းအစိုးရကလုပ်ပိုင်ခွင့်ပေးခဲ့တာလို့သိရပါတယ်။ ၂ဝ၁၇ ဒီဇင်ဘာလမှာတော့ စက်ရုံဆောက်ဖို့ လုပ်ငန်းစတင်ခဲ့ပါတယ်။

အဲဒီစက်ရုံက အသုံးပြုဖို့အတွက် ၁၈ ပေကျယ်တဲ့လမ်းကို တိုးချဲ့ရာမှာ ဒေသခံတွေရဲ့ လယ်မြေတွေပါသွားပြီး လျော်ကြေးမပေးတဲ့အတွက် ကန့်ကွက်ခဲ့တဲ့ တောင်သူလေးယောက်ကို အာဏာပိုင်တွေက တရားစွဲထားပြီး မန္တလေးထောင်မှာ လွန်ခဲ့တဲ့ ၁ဝ လလောက်ကတည်းက အချုပ်ကျနေတာ သုံးယောက်ရှိနေပါတယ်။ အသက် ၇ဝ ကျော် တောင်သူကတော့ အာမခံနဲ့ တရားရင်ဆိုင်နေရတယ်လို့ ရွာသားတွေကပြောပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်တောင်းပြီး ကန့်ကွက်ဆန္ဒပြတာတွေကို ငြိမ်းစုစီ ဥပဒေနဲ့တရားစွဲခံထားရတဲ့ရွာသားက ၁၇ ယောက်လောက် ရှိတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် အဲဒီစက်ရုံမှာ တရုတ်လူမျိုးတွေရောက်နေတာ လေးလလောက်ရှိပြီး၊ ဒေသခံတွေက စိုးရိမ်နေတဲ့အကြောင်း ကိုမြင့်ခိုင်က ပြောပါတယ်။

“မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်ဆိုပြီး ပထမဝင်လာပြီး ခုကျမှ တရုတ်နဲ့ပေါင်းပြီး မြန်မာကွန့် ဆိုပြီးတော့ တရုတ်လူမျိုး ငါးရာလောက် ရွာဘေးစက်ရုံမှာ အလုပ်လုပ်နေကြတာပေ့ါ။ တရားဝင်လား မဝင်လားတော့ မသိဘူး၊ လုံးဝ ဗမာစကားမပြောတတ်တာတွေလည်း ပါတယ်၊ ရွာထဲမှာလည်း သွားကြလာကြနဲ့ ကျနေ်ာတို့လည်း စိုးရိမ်ပူပန်တာပေါ့”

အခုဖြစ်ရပ်တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာက ဒေသခံတွေနဲ့ဆွေးနွေးစေချင်တယ်လို့ ရွာသားတစ်ယောက်ဖြစ်တဲ့ ကိုကျော်မျိုးဦးကပြောပါတယ်။ ဒီနေ့ဖြစ်ရပ်အတွက်ရော၊ ရွာသားတွေရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်လို့ပါ စက်ရုံတာဝန်ရှိသူတွေကိုဆက်သွယ် မေးမြန်းပေမယ့်၊ ဖုန်းကိုင်ဖြေဆိုသူက အောက်ခြေဝန်ထမ်းဖြစ်လို့ သူ့အနေနဲ့ဘာမှပြောဆိုနိုင်တာမရှိကြောင်းနဲ့၊ စက်ရုံတာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်တွေလည်း မသိကြောင်းသာ RFA ကိုပြောပါတယ်။

ဒီနေ့ဖြစ်ရပ်နဲ့ပတ်သက်လို့ အမှတ် (၃) လုံခြုံရေးရဲတပ်ဖွဲ့ကွပ်ကဲရေးမှူး ရဲမှူးချုပ် ဝင်းဗိုလ်ကတော့ သူတို့အနေနဲ့နိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်တာလို့ RFA ကိုပြောပါတယ်။

“လုပ်တယ်ပြုတယ်ဆိုတာလည်း အဆင့်တွေ ရှိပြီးသားပါ။ ရဲတပ်ဖွဲ့မှာ နင်းကန်လုပ်လို့ မရဘူး၊ ရာဇဝတ်ကြောင်း သော်လည်းကောင်း၊ အဓိကရုဏ်းသော်လည်းကောင်း ဒီလိုမှ မပစ်ခတ်လို့ရှိရင်၊ ပိုဆိုးမယ့် အခြေအနေရှိတယ်ဆိုရင် အမိန့်အတိုင်း၊ အဆင့်အတိုင်း သူ့ရဲလုပ်ငန်းစဉ်အတိုင်း လုပ်သွားမှာပါ။ သူတို့ကို လုပ်ငန်းစဉ်ပေးထားပြီးသားပါ။ ကျနော်တို့လည်း ခုမှ ရုတ်တရက်ရောက်လာတာမို့ ညှိပေးခြင်းဖြစ်ပါတယ်။ အခုလည်း ပြေလည်မယ့်သဘော ရှိပါတယ်”

တဆက်တည်းမှာပဲ အခုဖမ်းထားတဲ့သူတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေကို ဥပဒေအတိုင်းအရေးယူမယ်လို့ ရဲမှူးချုပ်ဝင်းဗိုလ်ကပြောပါတယ်။ အဲဒီစက်ရုံတည်ဆောက်ခွင့်ကို တခြားမြို့နယ်မှာချပေးထားပေမယ့် ပုသိမ်ကြီးမှာလာတည်နေတာလို့ ကိုမြင့်ခိုင်က ပြောပါတယ်။

ဒီလိုပြောဆိုချက်နဲ့ပတ်သက်လို့ ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းကို RFA က ဆက်သွယ်ပေမယ့် တယ်လီဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ရွာသားတွေကတော့ အဲဒီ စက်ရုံစီမံကိန်းကို ဖျက်သိမ်းပေးဖို့နဲ့၊ တရားစွဲခံထားရတဲ့သူတွေကို တရားသေလွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

လက်ရှိမှာတော့ အောင်သပြေရွာမှာ အခြေအနေ ပြန်ပြီးတည်ငြိမ်နေပါတယ်။ ရဲတပ်ဖွဲ့ကလည်း စက်ရုံအနီးတဝိုက်မှာ လုံခြုံရေးချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။