ထောင်ကျနေတဲ့ အိမ်ထောင်ဦးစီးတွေအတွက် မိသားစုဝင်တွေ တောင်းရမ်းအလှူခံတဲ့နည်းနဲ့ ဆန္ဒပြ
2018.12.05

ပုသိမ်ကြီးမြို့နယ်မှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့့်ကွက်ခဲ့တာကြောင့် အိမ်ထောင်ဦးစီးတွေ ဖမ်းဆီးခံရပြီး ထောင်ကျနေတဲ့အတွက် စားဝတ်နေရေး ခက်ခဲတာကို အစိုးရတာဝန်ရှိသူတွေသိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ မန္တလေးမြို့ဈေးချိုတော်မှာ သူတို့ရဲ့ မိသားစုဝင် အမျိုးသမီး ၄ ဦးက တောင်းရမ်းအလှူခံတဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ထောင်တစ်လချခံခဲ့ရတဲ့ တောင်သူ ဦးရွှေအုန်းရဲ့သမီးဖြစ်သူ မငြိမ်းဌေးက မိသားစုဝင်တွေရဲ့ စားဝတ်နေရေးနဲ့ ပညာသင်ကြားရေးအတွက် ခက်ခဲနေတာကို အာဏာပိုင်တွေ သိစေလိုတဲ့အတွက် အဲဒီလိုလုပ်ရတာလို့ ပြောပါတယ်။
ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံကို ကန့်ကွက်ခဲ့တာကြောင့် အမျိုးသား ၅ ဦး ထောင်ဒဏ် တစ်လချမှတ်ခံခဲ့ရပြီး ၃ ဦးကတော့ အချုပ်ထောင်အတွင်းက တရားရင်ဆိုင်နေရပါတယ်။
အဲဒီ စီမံကိန်းတည်ဆောက်ဖို့ ပစ္စည်းတင်ကားကြီးတွေရဲ့ ဖြတ်သန်းသွားလာမှုကြောင့် ဖုန်မှုန့်တွေက ရွာသားတွေ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို ကပ်တင်နေလို့ သီးနှံအထွက်နှုန်းတွေလည်း လျော့လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ တရုတ်နည်းပညာနဲ့ တည်ဆောက်နေတဲ့ စီမံကိန်းကို ဒေသခံတွေ က ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေပြုလုပ်တဲ့အတွက် ကုမ္ပဏီနဲ့ ဒေသခံတွေ မကြာခဏ ပဋိက္ခဖြစ်ပွားနေကြ တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့လိုက်တာပါ။