အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဩစတြေးလျအစိုးရ ရှုတ်ချ

RFA Burmese
2023.12.11
အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဩစတြေးလျအစိုးရ ရှုတ်ချ နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အဆက်မပြတ် ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ထိန်းချုပ်မှုတွေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်လို့ ဩစတြေးလျအစိုးရက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ ပြောပါတယ်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မက်ခ်အာသာအသင်းနဲ့ ရှမ်းယူနိုက်တက် ဘောလုံးအသင်းတို့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ အာရှဘောလုံးအဖွဲ့ချုပ် (Asian Football Confederation) AFC အုပ်စုပွဲစဉ် ကစားဖို့ စီစဉ်ခဲ့ပေမယ့် ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တဲ့အပေါ် ရန်ကုန်ရှိ ဩစတြေးလျသံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းစဉ် ဩစတြေးလျအစိုးရ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးရာဌာနက အဲဒီလို တုံ့ပြန်ပြောကြားလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ရရှိပြီးသား ဒီမိုကရေစီရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နောက်ပြန်လည်သွားပြီး တိုင်းပြည်ကို နက်ရှိုင်းတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေထဲ ထိုးကျစေခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့၊ မတရား ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အတားအဆီးမရှိ ခွင့်ပြုပေးဖို့လည်း မြန်မာစစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

သြစတြေးလျအစိုးရက ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းရဲ့ ပိုင်ရှင် ဝမင်းကော်ပိုရေးရှင်း ဥက္ကဋ္ဌ ခွန်နောင်မြင့်ဝေဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ ချိတ်ဆက်လုပ်ကိုင်နေပြီး MEC ကို သြစတြေးလျအစိုးရက အခုနှစ် ဖေဖော်ဝါရီလကတည်းက စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ထားတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကတော့ သြစတြေးလျအစိုးရရဲ့ လုပ်ရပ်ကို ကြိုဆိုထားပြီး စစ်ကောင်စီအပေါ် ဒီထက်လေးနက်တဲ့ အရေးယူပိတ်ဆို့မှုတွေထပ်လို့ဖို့ နိုဝင်ဘာ ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။