ပါမောက္ခ ရှောင်တားနဲလ်ကို ချက်ချင်းလွှတ်ဖို့ သြစတြေးလျ တောင်းဆို
စစ်ကောင်စီက ဖမ်းဆီးတာကို ခံနေရတဲ့ NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တားနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထား ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ မစ္စတာ ရှောင်တားနဲလ် အဖမ်းခံခဲ့ရတာဖြစ်ပြီး အစိုးရလျှို့ဝှက်ချက် ဥပဒေချိုးဖောက်မှုနဲ့ အရေးယူခံနေရတာပါ။
သူ့မှာအပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ်အများဆုံး ၁၄ နှစ်အထိ ကျခံရဖို့ရှိနေပါတယ်။ ပါမောက္ခ ရှောင်တားနဲလ်ဟာ မတရားသဖြင့် အဖမ်းခံနေရတာဖြစ်ပြီး သူ့အပေါ် စွပ်စွဲချက်တွေအားလုံးကို ကန့်ကွက်တယ်၊ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ထပ်ပြီးတော့ တောင်းဆိုပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မစ္စတာ ရှောင်တားနဲလ်ရဲ့ တရားရုံး ကြားနာစစ်ဆေးမှုကို သြစတြေးလျသံရုံးက တက်ရောက်ခွင့်မရခဲ့တဲ့နောက်ပိုင်း မစ္စတာ ရှောင်တားနဲလ်ရဲ့ အမှုစစ်ဆေးမှုတွေအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက စိုးရိမ်မကင်းဖြစ်မှုတွေ ပိုများလာခဲ့ပါတယ်။ တရားရေးဆိုင်ရာ အခြေခံလုပ်ထုံးလုပ်နည်းတွေ ပွင့်လင်းမြင်သာမှုက မပြတ်ရှိနေရမယ်၊ သူ့ရဲ့ရှေ့နေတွေနဲ့လည်း မစ္စတာ ရှောင်တားနဲလ် လွတ်လွတ်လပ်လပ် တွေ့ခွင့်ရရမယ်၊ သူ့ရဲ့အမှု တရားရုံးက စစ်ဆေးတာတွေကိုလည်း သြစတြေးလျ အရာရှိတွေ လေ့လာနိုင်ခွင့်ရှိရမယ်လို့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ကဆို ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့တာတွေလုပ်ဖို့ သြစတြေးလျ အစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေက ပြီးခဲ့တဲ့လတုန်းက တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။