ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ရန်ပုံငွေရှာ ညစာစားပွဲ သြစတြေလျမှာ ပြုလုပ်
2011.12.17
ဒီညစာစားပွဲကို မြန်မာနဲ့ သြစတြေလျ လူမှုရေးအဖွဲ့အစည်း သုံးခုဖြစ်တဲ့ ICRA(Victoria) ၊ AGHRB (Australia) နဲ့ Burma Community (Melbourne) က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ရန်ပုံငွေရှာ ညစာစားပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှုး ဒေါက်တာမြင့်ချိုက အခုလို ပြောပြပါတယ် ။
“ရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသလို မြန်မာနိုင်ငံတွင်းက မြန်မာ့အရေး လှုပ်ရှားသူတွေရော၊ မြန်မာပြည်သူတွေကိုရော ဂုဏ်ပြုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ရလာတဲ့ ရန်ပုံငွေကိုလည်း ပြည်တွင်းမှာရှိတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ကူညီပေးဖို့ ဖြစ်ပါတယ်”
ညစာစားပွဲ တက်ရောက်တဲ့ ဧည့်ပရိတ်သတ် ၃ ရာလောက်ရှိပြီး မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေး ဆောင်ရွက်နေတဲ့ Victoria ပြည်နယ် အမတ်သုံးယောက် အကြောင်းကိုလည်း ဒေါက်တာမြင့်ချို က အခုလို ပြောပြပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သြစတြေလျက ပိုပြီး ကူညီလာအောင် ပြည်နယ်အစိုးရကိုရော၊ ပြည်နယ်ပါတီတွေရော၊ ဖက်ဒရယ်အစိုးရနဲ့ ဖက်ဒရယ်ပါလီမန်တွေကို ဆက်ပြီး သူတို့အနေနဲ့ တိုက်တွန်းသွားမယ်လို့ ပြောပါတယ်။ နောက်တခုက NLD ကိုယ်စား ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ပေးပို့လာတဲ့ ဗီဒီယို သတင်းစကားကို ပရိသတ်တွေကို တင်ပြပါတယ်။ အဲဒီမှာလည်း ဦးဝင်းထိန်က NLD ရဲ့ လက်ရှိ အခြေအနေတွေနဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြထားတာကို အားလုံးက စိတ်ဝင်တစား နားထောင်ကြပါတယ်”
ဒီညစာစားပွဲမှာ လက်မှတ်တစောင်ကို သြစတြေလျဒေါ်လာ ၃၅ ဒေါ်လာ နဲ့ ရောင်းချခဲ့ရာမှာ မဲလ်ဘုန်းမြို့ရှိ Gold Leaf စားသောက်ဆိုင်က ပရိသတ် ၃ ရာဆန့် ခမ်းမဆောင်အပြည့် ညစာစားပွဲကို ဧည့်ပရိတ်တွေ တက်ရောက် အားပေးခဲ့တယ်လို့ သိရပါတယ်။