မြန်မာတိုင်းမ်ထုတ်ဝေသူ သြစတြေးလျလူမျိုး ဒန်ကလေကို ရုံးထုတ်
2011.02.24

ဒီကနေ့ တရားရုံးမှာ မစ္စတာ ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဖောက်ဖျက်မှု၊ မြန်မာအမျိုးသမီးတဦးကို မူးယစ်ဆေးဝါး တိုက်ကျွေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ စွဲချက်တင် စစ်ဆေးခဲ့ပြီး သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ တရားရုံးက ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
မစ္စတာ ဒန်ကလေဟာ မကြာခင် ပြစ်ဒဏ် ချမှတ်ခံရပြီးတဲ့နောက် ပြည်နှင်ဒဏ် ပေးခံရဖွယ် ရှိတယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောပါတယ်။
ကမ္ဘာဒီးယားနိုင်ငံက မစ္စတာ ဒန်ကလေရဲ့ စီးပွားဖက်မိတ်ဆွေ David Armstrong ဆိုသူကတော့ မစ္စတာ ဒန်ကလေဟာ မြန်မာတိုင်းမ်ဂျာနယ် ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာအကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရတာလို့ ပြောပါတယ်။
မစ္စတာ ဒန်ကလေ ထိန်းသိမ်းခံရပြီးတဲ့နောက် စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ရင်းနှီးသူလို့ လူသိများတဲ့ ဒေါက်တာ တင်ထွန်းဦးဟာ မစ္စတာ ဒန်ကလေ တာဝန်ယူခဲ့တဲ့ မြန်မာတိုင်းမ်ဂျာနယ်မှာ အမှုဆောင် အရာရှိချုပ် ဖြစ်လာခဲ့ပါတယ်။
တရားရုံးက မစ္စတာ ဒန်ကလေအမှုအတွက် နောက်ထပ် ရုံးချိန်းကို မတ်လ ၃ ရက်နေ့မှာ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။