စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ ဈာပန ကျင်းပ
2013.08.21

သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင် ပိုင်း အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့တဲ့ စာရေးဆရာကြီး ဒဂုန်တာရာ ခေါ် ဦးဌေးမြိုင် ရဲ့ ဈာပနအခမ်းနားကို အောင်ပန်းမြို့နေအိမ်မှာ ဒီကနေ့ကျင်းပခဲ့ပြီး ညနေ ၂ နာရီမှာ အောင်ပန်းမြို့ မင်းဂူသုသာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။
ဆရာဒဂုန်တာရာရဲ့ အရိုးပြာကို ဂူဗိမာန် တည်ဆောက်ဖို့ စီစဉ်ထားတာနဲ့ ပတ်သက်ပြီး ဆရာဒဂုန်တာရာ ဈာပနအခမ်းအနားကော်မတီ ဥက္ကဌ ဦးအံ့မောင်က RFA ကို အခုလိုပြောပါတယ်။
"အောင်ပန်းမြို့မှာရှိတဲ့ မင်းဂူသုသာန်မှာ သီလပေး သရဏဂုံတင်ပြီးတဲ့နောက် ဆရာကြီးကို မီးသြင်္ဂိုလ်ခြင်းလုပ်ပါမယ်၊ မီးသြင်္ဂိုလ်ပြီးရရှိမယ့် အရိုးပြာများကို ဆရာကြီး ဒဂုန်တာရာရဲ့ ဂုဏ်နဲ့ကိုက်ညီအောင် သူပိုင်တဲ့လိမ္မော်ခြံထဲမှာပဲ တင့်တယ်ခန့်ညားလျောက်ပတ်တဲ့ ဗိမာန်တစ်ခုတည်ဆောက်ဖို့ အစီအစဉ်လုပ်ထားပါတယ်ခင်ဗျာ"
ဆရာကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီးကို မြန်မာနိုင်ငံနေရာအနှံက ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဒေသခံတွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူ့ပန်းခြင်းပေးပို့ခဲ့သလို နိုင်ငံရေးပါတီတွေ၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ ဗကသများအဖွဲ့ချုပ်စတဲ့ အဖွဲ့တွေကလည်း သဝဏ်လွှာတွေနဲ့ လွမ်းသူ့ပန်းခွေတွေ ပေးပို့ခဲ့ကြပါတယ်။
ဆရာကြီး ဒဂုန်တာရာဟာ ကွန်လွန်ချိန်မှာ အသက် (၉၅) နှစ်ရှိပြီဖြစ်ပြီး၊ သူ့ရဲ့ဈာပနအခမ်းအနား ကို အောင်ပန်းတစ်မြို့လုံးနီးပါး လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။