ဧရာဝတီဘဏ်ဝန်ထမ်းကို အာဏာပိုင်တွေ ရိုက်နှက်မှု စစ်ဆေးနေ
2018.12.06
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဧရာဝတီဘဏ် ဝန်ထမ်းတစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒုရဲအုပ် တို့ ပါတဲ့အဖွဲ့က ဝိုင်းပြီး ရိုက်နှက်တဲ့ကိစ္စအတွက် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးနေတယ်လို့ တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးစိန်ဝင်း က RFA ကို ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ရက်နေ့ညက ကော့သောင်းမြို့ ဧရာဝတီဘဏ်ရဲ့ ATM စက်ရှေ့မှာ ငွေထုတ်ဖို့ စောင့်ဆိုင်းနေ တဲ့ ဧရာဝတီဘဏ်ဝန်ထမ်းဖြစ်သူ ကိုကျော်စွာဝင်း ကို အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဒုရဲအုပ်၊ မီးသတ် စတဲ့ သူတွေပါဝင်တဲ့ လူ ၁၀ ဦးခန့်က အကြောင်းမဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
အရိုက်နှက်ခံခဲ့ရတဲ့ ကာယကံရှင် ကိုကျော်စွာဝင်းက အုပ်ချုပ်ရေးမှူး၊ ဒုရဲအုပ်၊ မီးသတ်နဲ့ အမျိုးသားတစ်ဦးကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
ဒီလိုဝိုင်းဝန်းရိုက်နှက်တာကို ရိုက်ကူးထားတဲ့ CCTV မှတ်တမ်း လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာမှာ ပြန့်နှံ့လာခဲ့ပြီး အာဏာပိုင်တွေရဲ့ အလွန်အကျွံအင်အားသုံး ရိုက်နှက်မှုကို ဝေဖန်မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း သတင်းရရှိ ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။