လှိုင်သာယာမှာ ကျူးကျော်တွေ ဖယ်ပေးဖို့ အမိန့်ထုတ်


2013.12.03

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် ၁ ကနေ ၄ အထိ စက်ရုံတွေရှေ့နဲ့ လှိုင်သာယာ အဝေးပြေးလမ်းမကြီးဘေးမှာ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ ကျူးကျော်အိမ်တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မြို့နယ်စည်ပင်သာယာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

ဒီလိုထုတ်ပြန်ခဲ့တာကြောင့် ကျူးကျော်နေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်၊ ညောင်ရွာမြစ်ကမ်း က သောင်ထွန်းမြေတွေနဲ့ တွံတေးမြို့နယ် ရေကျော်ကျေးရွာနားက လယ်မြေတွေပေါ်မှာ နေအိမ်တွေ ဆောက်လုပ်နေ ကြတယ်လို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုကြည်ရွှင်က ပြောပါတယ်။

"လှိုင်သာယာမြို့နယ် စက်မှုဇုန် အပိုင်း ၁ ကနေ စက်မှုဇုန်အပိုင်း ၄ အထိရှိနေတဲ့ စက်ရုံအရှေ့တွေမှာ ကျူးကျော်ဆောက်လုပ်နေတဲ့ မိသားစုတွေ  အခုအခါကျတော့ အများပြည်သူသွားလာနေတဲ့ လမ်းမကြီးဘေးနားမှာ တဲထိုးနေတဲ့အခါကျတော့ မြို့ပြအင်္ဂါရပ်နဲ့လည်း မညီဘူးလေ၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့ သက်ဆိုင်ရာမြို့နယ် အာဏာပိုင်အဖွဲ့အစည်းတွေက ဖယ်ရှားပေးရမယ်လို့ သတိပေးစာ ၄ ကြိမ် တိုင်တိုင်ထုတ်ခဲ့တယ်၊ ဒီတစ်ကြိမ်ကတော့ နောက်ဆုံးဖြစ်တယ်၊ အဲဒီနောက်ပိုင်းမှာပဲ သူတို့က ၁ ရက်နေ့မှာပဲစပြီးတော့ သောင်ထွန်းမြေတွေပေါ်မှာ ဆက်ပြီးတော့ ကျူးကျော်ဆောက်လုပ်နေတာဖြစ်တယ်"

အခုဆိုရင် လှိုင်သာယာမြို့နယ် ညောင်ရွာမြစ်ကမ်းက သောင်ထွန်းမြေပေါ်မှာ အိမ်ခြေ ၃၀၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီ ကျူးကျော်နေထိုင်သူတွေဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းစတဲ့ ဒေသတွေက လှိုင်သာယာစက်မှုဇုန်တဝိုက်မှာ လာရောက်လုပ်ကိုင်စားသောက်ကြသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။