တောင်ကြီးမှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတချို့ ပြန်ပေးဖို့ ကတိပြု


2013.09.28

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာရှိတဲ့ ပင်းပက်သံမဏိစက်ရုံ စီမံကိန်းအတွက် ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေထဲက တချို့မြေယာတွေအတွက် လျော်ကြေးပေးမယ်လို့ ဒီနေ့တောင်သူတွေနဲ့ တွေ့ဆုံရာမှာ ရှမ်းပြည်နယ်အစိုးရနဲ့ စစ်တပ်တာဝန်ရှိသူတွေက ကတိပေးခဲ့ကြောင်း တောင်သူတွေက ပြောပါတယ်။

မြေသိမ်းခံထားရတဲ့ တောင်သူတွေနဲ့ အာဏာပိုင်တွေ ဒီနေ့မနက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ဂနိုင်ထုံကျေးရွာ၊ ဂနိုင်ထုံကျောင်းတိုက်မှာ တွေ့ဆုံခဲ့တာပါ။ လယ်မြေပြန်လိုချင်တဲ့သူရှိသလို လျော်ကြေးပဲယူတော့မယ် တောင်သူတွေလည်းရှိတယ်လို့ အာဏာပိုင်တွေနဲ့တွေ့ခဲ့တဲ့ ပင်ငိုကျေးရွာက မြေသိမ်းခံထားရတဲ့ တောင်သူ ကိုခွန်သိန်းမောင်က RFA ကို ပြောပါတယ်။

“ပင်းပက်စက်ရုံကိစ္စနဲ့ သူတို့သိမ်းထားတဲ့ မြေတွေကို ဆွေးနွေးကြတယ်၊ သူတို့လျော်ကြေးကို ပြန်ပေးမယ်ပေါ့၊ တချို့က မြေပြန်ရချင်တယ်၊ တချို့က လျော်ကြေးရချင်တယ်”

အဲဒီတွေ့ဆုံပွဲကို အမှတ် ၉ဝ၃ စစ်မြေပြင်အင်ဂျင်နီယာတပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ ဂနိုင်ထုံ၊ မဲဟဲ၊ ပင်ငို၊ ၆ မိုင်ရွာသစ်၊ ဟမ်းခြောက်၊ ပုန်းစိမ်း၊ ဘုရားငါးဆူ၊ စတဲ့ကျေးရွာတွေက ဒေသခံတောင်သူတွေအပါအဝင် လူ ၂ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ပင်းပက်သံမဏိစက်ရုံ စီမံကိန်းအတွက် မြေသိမ်းခံထားရတဲ့ တောင်သူတွေစုပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လယ်ယာမြေစုံစမ်းရေးကော်မရှင်တို့ကို တိုင်ကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကနေ့ကျင်းပတဲ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို RFA က မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ပင်းပက်သံမဏိစက်ရုံ စီမံကိန်းအတွက် ဧကထောင်ချီရှိတဲ့ လယ်ယာမြေတွေကို စစ်တပ်က သိမ်းယူခဲ့တာပါ။ ၂ဝဝ၉ ခုနှစ်မှာ ဧက ၁ဝဝ ကို တစ်ဧက ၅ သိန်းနှုန်းနဲ့ လျော်ကြေးပေးခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်မှာတော့ တစ်ဧကကို ငါးထောင်ကျပ်နှုန်းသာ လျော်ကြေးပေးတာကြောင့် တောင်သူတချို့ က လျော်ကြေးမယူခဲ့ဘူးလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။