စက်ရုံမှူး လူအင်အားသုံးပြီး ဆိုင်ရှင်တွေကို ဖယ်ရှား

ပြည်မြို့ သံတချောင်းလမ်း၊ ပြည်တက္ကသိုလ်ရှေ့က ဈေးဆိုင်ခန်းတွေကို အာဏာပိုင်တွေက စက်ရုံပိုင် ဆိုင်ခန်းဆိုပြီး ဆိုင်ရှင်တွေကို အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

2011.04.03
pyay_map_305_z ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပါသည်။ (Image: RFA)
(Image: RFA)

ဒီကနေ့ နေ့လည် ၃ နာရီကျော်လောက်မှာ စက်မှု (၁) လက်အောက်ခံ မြစန္ဒာရေခဲစက် စက်ရုံမှူး၊ ဗိုလ်ကြီးဟောင်း ဦးတင့်လွင်က ဆိုင်အတွင်းက ပစ္စည်းတွေကို လူအင်အားနဲ့ အတင်းဆွဲချပြီး ဆိုင်ရှင်တွေကို မောင်းနှင် ထုတ်ခဲ့တဲ့အတွက် ဒေသခံလူထုနဲ့ ရုပ်ရုပ်သဲသဲ ဖြစ်ပွားခဲ့တာပါ။

ဦးတင့်လွင်က ဆိုင်ရှိပစ္စည်းတွေကို ဆွဲချပြီး လမ်းမ,ပေါ်ကို လွှင့်ပစ် စုပုံချခဲ့ရာကနေ ပြဿနာ စတင်ခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပြပါတယ်။

“စက်မှု (၁) စက်ရုံမှူးလည်း ပါတယ်။ နောက် အာဏာပိုင် အဖွဲ့အစည်းတွေလည်း ပါတယ်။ ဒီဆိုင်ခန်းတွေကို သူတို့ပိုင်တယ်ဆိုပြီး ဘယ်တရားရုံးရဲ့ အခွင့်အာဏာမှ မပါဘဲ ပစ္စည်းတွေကို အကုန် ဆွဲချတယ်။ ဆိုင်ခန်းနေ ပြည်သူတွေကနေ ပြောတယ်၊ မတရားဘူးပေါ့။ တရားလက်လွတ်တွေ လုပ်နေပါတယ် တရားမျှတမှု မရှိဘူး၊ တရား ဥပဒေအတိုင်း သွားချင်ပါတယ်လို့ ပြောတဲ့အခါကျတော့ လူအုပ်က များလာတယ်။ အဲဒီကျမှ ညှိမယ် ညှိမယ်ဆိုပြီး ဖြစ်သွားတယ်”

လူလေးငါးရာလောက် စုရုံး ရောက်ရှိလာပြီး လမ်းပေါ်မှာ ပြည့်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဈေးတန်းမှာ စတိုးဆိုင်၊ ကွန်ပြူတာ စာကူးစက်ဆိုင်၊ စားသောက်ဆိုင် စတဲ့ ဆိုင်ခန်းပေါင်း ၃၅ ခန်းလောက် ရှိနေပါတယ်။ ဒီဆိုင်ခန်းတွေကို မြစန္ဒာရေခဲစက် ဝန်ထမ်းသက်သာ ချောင်ချိရေး ဆိုင်ခန်းတွေအဖြစ် မြေတနေရာကို ကျပ်ငွေ သိန်း ၅ဝ နဲ့ ဝယ်ယူပြီး ဆိုင်ခန်းတွေကို ကိုယ်ပိုင်ငွေနဲ့ ဆောက်လုပ်ခဲ့ရတာ ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်တွေက အာအက်အေကို ပြောပါတယ်။

ဒါပေမယ့် ၂ဝဝ၈ ခုနှစ်က စတင်ပြီး ဒီဆိုင်ခန်းတွေဟာ စက်ရုံပိုင် ဆိုင်ခန်းတွေ ဖြစ်တဲ့အတွက် ဖယ်ပေးဖို့ စက်ရုံမှူး ဦးတင့်လွင်က ပြောဆိုလာခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂ဝ၁၁ နှစ်ဆန်းပိုင်းမှာ ဆိုင်ခန်းပိုင်ရှင်တွေ စုပေါင်းပြီး “စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ မြစန္ဒာရေခဲစက်နဲ့အမှု” ကို ကိုင်တွယ် စစ်ဆေးပေးပါရန် ဆိုပြီး ဗဟိုတရားရုံးချုပ်ကို တင်ပြ လျှောက်ထားခဲ့ပါတယ်။ ဗဟိုတရားရုံးချုပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမှုကို လက်ခံခဲပြီးခဲ့နောက် အခုလို စက်ရုံမှူး ဦးတင့်လွင့်က လူအုပ်နဲ့ အင်အားသုံး မောင်းနှင်ထုတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။