ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ချုပ်ချယ် ကန့်သတ်ခံရ

လူမှုရေး အသင်းအဖွဲ့တွေကို ကန့်သတ် ချုပ်ချယ်တာတွေ လက်ရှိ မြန်မာအစိုးရ အာဏာပိုင်တွေက စတင်ဆောင်ရွက် လာနေပြီလို့ သတင်းရရှိပါတယ်။

2011.06.11
ffss_clinic_x-ray_305_z.png နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်ထားသော သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင် အခမဲ့ ဓာတ်မှန် ရိုက်ကူးပေးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
Photo: RFA

ပထမဆုံး ကန့်သတ်ခံရတဲ့ အသင်းက ပြည်မြို့အခြေစိုက် မိုးမေတ္တာပရဟိတ လူငယ် သွေးလှူရှင်အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့ ဖွဲ့စည်းရေးနဲ့ကြီးကြပ်ရေး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက် မရသေးခင်မှာ အဖွဲ့ကို လှုပ်ရှားခွင့် မပြုကြောင်း မနေ့က သက်ဆိုင်ရာက အကြောင်းကြားစာ ထုတ်ပြီး ပိတ်ပင် တားမြစ်လိုက်တာပါ။

အဖွဲ့ ဦးဆောင်သူတဦး ဖြစ်တဲ့ ဦးညီညီအောင်က ...

“အသင်းအဖွဲ့၏ လုပ်ငန်းများ လှုပ်ရှားဆောင်ရွက်ခြင်း မပြုကြောင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီ လိုက်နာဆောင်ရွက်ပါ ဆိုပြီး အကြောင်းကြားစာ ရောက်လာတာပါ။ ရောက်လာတော့ မယက ရုံးမှာလည်း ကျနော်တို့ မေးခဲ့ပါတယ်။ ဒီစာနဲ့ ပတ်သက်လို့ လုပ်ငန်းတွေကို ရပ်ထားရမှာလား၊ ဆက်လက် လုပ်ဆောင်ရမှာလားဆိုတော့ ရပ်ရမယ်ဆိုတဲ့ သဘောမျိုး ပြောတဲ့အတွက် လက်ရှိ သွေးလှူတဲ့ လုပ်ငန်းရော ဆေးခန်းလုပ်ငန်းကိုပါ အလုပ်အမှုဆောင် အဖွဲ့ရဲ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်”

မိုးမေတ္တာ ပရဟိတ သွေးလှူအဖွဲ့ကို ၂ဝ၁ဝ ဇူလိုင်လက စတင် ဖွဲ့စည်းခဲ့ပြီး ဇန်နဝါရီလက စလို့ သက်ဆိုင်ရာဌာနမှာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် လျှောက်လွှာ တင်ထားခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ အဖွဲ့ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေသလို ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှုအသင်းနဲ့ လက်တွဲပြီး ပြည်မြို့တဝိုက် ရေတွင်းတူးပြီး လှူဒါန်းတာ၊ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဌာနခွဲ ဖွင့်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး ဇွန်လ ၁ဝ ရက် နေ့စွဲနဲ့ ထွက်လာတဲ့ အဲဒီ တားမြစ်စာထဲမှာ အသင်းဝင်တွေအနေနဲ့ နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာ ပေးရမယ်ဆိုတဲ့အချက်နဲ့ အသင်းရဲ့ အမှုဆောင်တွေ ပါတီနိုင်ငံရေး ကင်း-မကင်း ဆိုတဲ့အချက် အပါအဝင် စုစုပေါင်း အချက် (၆) ချက် တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း မှတ်ပုံတင်သက်တမ်း ထပ်မံတိုးပေးဖို့ တင်ပြထားတာကို အခုချိန်ထိ သက်ဆိုင်ရာက အကြောင်းမပြန်သေးဘူးလို့ ဦးကျော်သူက ပြောပါတယ်။

“ကျနော်တို့ မေးမြန်းကြည့်တဲ့ အခါကျတော့ အစိုးရ အပြောင်းအလဲ ဖြစ်နေတဲ့အတွက် ဒီဟာတွေ ခဏ ရပ်ဆိုင်းထားပါတယ်ဆိုပြီး ပြောတယ်။ ကျနော်တို့ မှတ်ပုံတင် အမှတ်က ၁၈၉၇ ပါ။ အဲဒီတော့ ကျနော်တို့ဘက်ကလည်း အခက်အခဲ ရှိတာ မှတ်ပုံတင်တဲ့ဟာ မကျတဲ့အတွက် အစိုးရဌာနတွေနဲ့ ဆက်ဆံတဲ့အခါ မလိုလားအပ်ဘဲ ကြန့်ကြာမှုတွေ တွေ့ကြုံရတယ်”

နာရေးကူညီမှုအသင်းရဲ့ မှတ်ပုံတင်အတွက် ၂ နှစ်တကြိမ် သက်တမ်းတိုးရတယ်လိုဆိုပါတယ်။ အခုလို မိုးမေတ္တာ ပရဟိတ သွေးလှူအဖွဲ့ကို တားမြစ်လိုက်ပေမယ့် အစိုးရ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေ ဖွဲ့စည်းဆောင်ရွက်နေတဲ့ အသင်းတွေ မှတ်ပုံတင် မရသေးဘဲ ဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။