အမေ့အိမ်ကျောင်း ပြောင်းရွှေ့ဖို့ ဖိအားပေးခံရ
2011.05.23

ဒီကျောင်းဟာ အမေ့အိမ် ပညာဒါနအမည်နဲ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ရပ်ကွက်အတွင်း နေထိုင်တဲ့ ကျောင်းသားလူငယ်တွေကို အခမဲ့ သင်ကြားပေးနေတာပါ။ သင်တန်းကို နေ့စဉ် ထောက်လှမ်းရေးတွေက စောင့်ကြည့်နေပြီး အိမ်ရှင်ကိုလည်း လက်မခံဖို့ ဖိအားပေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေလ ၂၃ ရက် ညနေပိုင်းမှာ သင်တန်းကျောင်း ဖွင့်လှစ်ထားတဲ့နေရာကို အိမ်ပိုင်ရှင်က ဆက်လက် မငှားရမ်းနိုင်တော့တဲ့အကြောင်း လာရောက် ပြောဆိုခဲ့တယ်လို့ သင်တန်းဖြစ်မြောက်ရေး တာဝန်ခံ မသီတာက ပြောပါတယ်။
“သင်တန်း ပြီးလောက်တဲ့အချိန်ကျမှ အဲဒီ အိမ်ရှင်ကနေပြီးတော့ ကျွန်မတို့ဆီကို သူက ဒေါသထွက်တဲ့ ပုံစံမျိုးနဲ့ပေါ့နော်၊ ရောက်လာတယ်။ ရောက်လာပြီးတော့ သူက ကျွန်တော်တို့ကပေါ့နော်၊ ဒီလို ရှုပ်ရှုပ်ယှက်ယှက်ကို ကျွန်တော်တို့က လက်မခံနိုင်ဘူး၊ အဲဒီတော့ ခင်ဗျားတို့တွေကို ကျွန်တော်တို့ မထားနိုင်တော့ဘူး။ သူက အဲလိုမျိုး ပြောတယ်။”
“ခင်ဗျားတို့ကို မထားနိုင်တော့ဘူး၊ ခင်ဗျားတို့ အိမ်ရှာတော့လို့ ပြောတယ်။ ကျွန်မက မဟုတ်ဖူး အစ်ကို ကျွန်မတို့ကို ဘာဖြစ်လို့ မထားနိုင်တာလဲ၊ ကျွန်မတို့က ဘာလုပ်နေလို့လဲပေါ့နော်။ ကျွန်မက အဲလိုမျိုးမေးတော့ မဟုတ်ဖူး ခင်ဗျားတို့ အဲလိုမျိုး လုပ်တာကိုတဲ့ ကျွန်တော့ကို ဒီလိုပေါ့ စစ်ထောက်လှမ်းရေးက လာပြောတဲ့အတွက် ကျွန်တော်တို့ကတဲ့ ဒီလို စစ်လားဆေးလားကို ကျွန်တော်တို့က မကြိုက်ဖူးပေါ့နော်။ မကြိုက်တဲ့အတွက်ကြောင့်မို့ ဒါ အစ်မတို့ကို ကျွန်တော်တို့ မထားနိုင်တော့ဘူး အဲလိုမျိုး ပြောတယ်။”
သင်တန်းကျောင်းကို ဆက်လက် ဖွင့်လှစ်နိုင်ဖို့ လက်ခံ ငှားရမ်းမဲ့နေရာကို ကြိုးစား ရှာဖွေရဦးမယ်လို့လည်း မသီတာက ပြောပါတယ်။
အမေ့အိမ်ပညာဒါန သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒီကျောင်းဖြစ်မြောက်ဖို့ လူမှုရေးနဲ့ ပညာဒါန စိတ်ဝင်စားတဲ့ လူငယ်တွေက ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့တာလို့ မသီတာက ဆိုပါတယ်။ လာရောက် သင်ကြားပေးတဲ့ ဆရာတွေကလည်း စေတနာ့ဝန်ထမ်းအလျောက် သူတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို လာရောက် သင်ကြားပေးနေတာ ဖြစ်ပါတယ်။
နွေရာသီသင်တန်းကိုလည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အခုဆိုရင် သင်တန်းသား၊ သင်တန်းသူ ဦးရေ စုစုပေါင်း အယောက် ၃၀ ကျော် ရှိပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။
![]() |
အမေ့အိမ် စာသင်ကျောင်း |
![]() |
အသံဖိုင်ယူရန် |