အင်းတော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုပွဲ တားမြစ်ခံရ
2015.01.27
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို ဂုဏ်ပြုပွဲအဖြစ် ပွဲဖြစ်မြောက်ရေးကော်မတီက မြို့နယ်အားကစားကွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ ဒီနေ့စတင်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။
ပွဲကျင်းပခွင့်ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်ပေမယ့် ဖွင့်ပွဲကျင်းပနေချိန်မှာ လာရောက်တားမြစ်တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုချမ်းအောင်က ပြောပါတယ်။
"ဒီနေ့ စတင်ဖွင့်ပွဲလုပ်တော့မယ့်အချိန်မှာ အုပ်ချုပ်ရေးအာဏာပိုင်တွေက အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ပါတယ်ခင်ဗျ၊ သူတို့က အားကာဦးစီးမှူးကိုလွှဲလိုက်၊ မယကကိုလွှဲလိုက်နဲ့ ဖြစ်နေတယ်ဗျ၊ ကျနော်တို့ အသိပေးအကြောင်းကြား စာလည်း ပို့ထားပြီးပြီ၊ နောက်တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဗိုလ်ချုပ်ရာပြည်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ကတော့ အဲ့ကွင်းမှာပဲဆက်လုပ်ပါမယ်၊ တရားစွဲမယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ရာအသင့်ပါ"
ဒီကိစ္စနဲ့ပတ်သက်ပြီး အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အတည်ပြု ဖြေကြားမယ့်သူ မရှိပါဘူး။
အဲ့ဒီပျော်ပွဲရွှင်ပွဲမှာ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ စတဲ့ အားကစားနည်း ၂၇ မျိုးကို မဲဇာ၊ မော်တိတ်၊ နဘား၊ အင်းတော် စတဲ့ ကျေးရွာ ၄၃ ရွာက ဒေသခံတွေ ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။