အရာတော်မှာ PDF စခန်းတစ်ခုစီးနင်းခံရပြီး တပ်ခွဲမှူး အပါအဝင် သုံးဦး အသတ်ခံရ

RFA Burmese
2023.10.18
အရာတော်မှာ PDF စခန်းတစ်ခုစီးနင်းခံရပြီး တပ်ခွဲမှူး အပါအဝင် သုံးဦး အသတ်ခံရ စစ်ကိုင်းတိုင်း၊ အရာတော်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Ayadaw Post

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတစ်ခုကို အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် သုံးဦးလည်း အသတ်ခံခဲ့ရတယ်လို့ အရာတော်မြို့နယ် ထဲမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အသတ်ခံရသူတွေဟာ အရာတော်မြို့နယ်နဲ့ မုံရွာမြို့နယ်အစပ်မှာ အခြေစိုက်တဲ့ မုံရွာခရိုင်တပ်ရင်း - ၂၇ ရဲ့ တပ်ခွဲ (၄) က တပ်ခွဲမှူး အပါအဝင် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၆ ရက် မနက်စောပိုင်း အင်အားခုနစ်ဆယ်ကျော်ပါတဲ့ စစ်ကြောင်းက စခန်းကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ရတာလို့ မုံရွာခရိုင်တပ်ရင်း ၂၇ ရဲ့ တပ်ရင်းမှူး ကိုစိုးကြီးက RFA ကို ပြောပါတယ်။

“သူတို့က အင်အားအများအပြားနဲ့ ဖိပစ်တာဆိုတော့ တတ်နိုင်သလောက်ခုခံပြီး လွတ်ရာကို တိမ်းရှောင်လိုက်ရတာ။ တပ်ခွဲမှူးပါ ကျသွားတာ။ မိန်းကလေးကိုတော့ ခေါင်းတေ့ပစ်ခံရလိုက်ရတာ"

စခန်းက လူနေအဆောင် နှစ်ခုကိုပါ မီးရှို့ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၄ ရက်ကစပြီး အရာတော်- မုံရွာ ကားလမ်း တစ်လျှောက်ကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းတစ်လျှောက်ရွာတွေက ဒေသခံအချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

လက်ရှိအချိန်ထိ အရာတော်မြို့နယ်အနောက်ခြမ်းမှာ စစ်ကြောင်းဆက်ထိုးနေသေးတာ ကြောင့် စစ်ကြောင်းနဲ့ အနီးအနားရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အောက်တိုဘာ ၁၅ ရက်နေ့ကလည်း အရာတော်မြို့နယ် ကျွန်းဖိုပင်ရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တွေ့ပြီး အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကလည်း အရာတော်မြို့နယ် ရဲချင်းရွာမှာ အခြေစိုက်တဲ့ ကာကွယ်ရေး တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ငါးဦး အသတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။