မောင်တောက ထွက်ပြေးလာသူတွေ နေရပ်ပြန်နိုင်ပြီလို့ ပြော
2017.09.14

ရခိုင်ပြည်နယ် မောင်တောဒေသကနေ နေရပ်စွန့်ခွာခဲ့ကြသူတွေအနေနဲ့ လုံခြုံရေးစိတ်ချရပြီမို့ ပြန်လည်နေ ထိုင်နိုင်ပြီလို့ ဒီရက်ပိုင်းအတွင်း မောင်တောမြို့ကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေက ပြောပါတယ်။
လုံခြုံရေးကို တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေက အပြည့်အဝယူထားပေးပြီးဖြစ်တဲ့အတွက် နေရပ်ပြန်နိုင် ပြီလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောပါတယ်။
"တချို့ကျေးရွာတွေဆိုရင်တော့ ကိုယ်ဝန်ဆောင်သည်တွေ၊ ကလေးငယ်တွေ၊ အဘိုးကြီးအဘွားကြီးတွေကိုတော့ စစ်တွေက ကယ်ဆယ်ရေးစခန်းကို ခဏပို့ထားတယ်၊ ဒါပေမဲ့ ဒီမှာအေးချမ်းသွားပြီဆိုရင် သူတို့သွားပြန်ခေါ်မယ်၊ ပြီးတော့ ဒီလူတွေအတွက် လုံခြုံရေးကို တပ်ကရော နယ်ခြားစောင့်ရဲကရော တာဝန်ယူထားတယ်၊ ကြည့်ရတာ စိုးရိမ်ကြောင့်ကျမှုတော့ မရှိကြတော့ဘူး၊ ပြည်နယ်၊ ပြည်ထောင်စု အစီအစဉ်နဲ့ ထောက်ပံ့ထားတဲ့ ရိက္ခာတွေ လည်း တော်တော်များများရှိတယ်"
အမျိုးသားလွှတ်တော်ဒု-ဥက္ကဌ ဦးအေးသာအောင် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး မောင်တောဒေသခံတွေအတွက် အလှူငွေကျပ်သိန်း ၅၀၀ ကို ဆန်အိတ်တွေ ဝယ်ပြီး သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက ရဲကင်းစခန်း ၃၀ ကို ဝင်ရောက်စီးနင်းခဲ့ကြပြီး ဒေသခံတိုင်းရင်းသားတွေက နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး အကြမ်းဖက် သမားတွေကြောင့် တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံတိုင်းရင်းသားတွေအပါအဝင် ဟိန္ဒူလူမျိုး စုစုပေါင်း ၅၁ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိ အဲဒီဒေသကို စစ်ဆင်ရေးနယ်မြေ သတ်မှတ်ထားဆဲဖြစ်ကာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။