ရေကြီးလို့ ကျောင်းတွေပိတ် စိုက်ခင်းတွေပျက်


2016.07.07
khamti-flooding-620.jpg ချင်းတွင်းမြစ်ရေ တက်လာတာကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင်လ ၆ ရက်နေ့က ရေကြီးနေတဲ့ရပ်ကွက်နေ ပြည်သူတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဘေးလွတ်ရာသို့ ကယ်ဆယ်ပြောင်းရွှေ့ပေးစဉ်
Photo: Myanmar Fire Services Department

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စာသင်ကျောင်း ၁၆ ကျောင်းကို ပိတ်ထားရပါတယ်။

စာသင်ကျောင်းတွေထဲမှာ ရေတွေဝင်နေတဲ့အတွက် ပိတ်ထားတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေး က ပြောပါတယ်။

"တချို့ရေမြုပ်တဲ့ကျောင်းတွေက ပိတ်ထားခိုင်းတယ်ခင်ဗျ၊ မြစ်ဘေးနားက စာသင်ကျောင်းတွေက မြုပ်တာများ တယ်ဗျ၊ ရွာတိုင်းလိုလိုမြုပ်တာပါပဲ၊ ကလေးတွေက ရေတောထဲသွားတဲ့အခါ မတက်ခိုင်းတော့တာလေ၊ တချို့ကကျတော့ ကျောင်းဝင်းထဲဝင်ပြီ၊ တချို့ကကျတော့ အဆောင်လိုက်မြုပ်တာရှိတယ်၊ အပေါ်ထပ်တော့ လွှတ်တာပေါ့နော်၊ အောက်ထပ်တွေကတော့မြုပ်တာပေါ့"

ချင်းတွင်းမြစ် ဝဲယာဘက်မှာရှိတဲ့ ကျေးရွာပေါင်း ၃ဝ ကျော်မှာလည်း ရေတွေဝင်ရောက်နေပြီး ပြောင်းရွှေ့ ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ပြောပါတယ်။

အလားတူ အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နေတာကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်ထဲက သပြေကုန်းကျေးရွာဟာ ရွာလုံးကျွတ်ပြောင်းရွှေ့နေရတယ်လို့ ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေ က ပြောပါတယ်။

"အခု သပြေကုန်းရွာလည်း ရေကတအားဝင်ပြီးတော့ ကမ်းပါးနဂိုကတည်းက ပြိုလက်စဆိုတော့ မရွှေ့ရင် မဖြစ်တော့တဲ့ အခြေအနေရောက်နေတာပေါ့၊ ကမ်းပါးနဲ့နီးတဲ့ရွာတွေကို ကျနော်တို့က ဦးစားပေးပြီးတော့ အိမ်တွေဖျက်ပေးတယ်၊ မနေ့ကစပြီးတော့ သူတို့ပြောင်းမယ့်နေရာကို ကျနော်တို့ စက်လှေတွေနဲ့ ရွှေ့ပေးနေပြီ၊ ပစ္စည်းတွေကတော့ အကုန်သိမ်းဆည်းပြီးသွားပြီ ဟိုဘက်ကမ်းကို ရွှေ့ဖို့ပဲကျန်တော့တယ်၊ စိုးရိမ်စရာတော့ မရှိဘူး၊ အသေအပျောက်လည်းမရှိဘူး၊ အိမ်ထောင်စု ၁၆ဝ လောက်ရှိတယ်"

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေအပါအဝင် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေက မနေ့ကတည်းက ကူညီပြောင်းရွှေ့ပေးနေပြီး အခြေခံစားကုန်တွေကိုလည်း ထောက်ပံ့ပေးနေတယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းမှာလည်း အနိမ့်ပိုင်းဒေသတွေက စိုက်ခင်းတချို့ ရေနစ်မြုပ်နေ တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးဦးကာလတုန်းကလည်း ကချင်ပြည်နယ်မှာ မိုးကြီးလို့ ဧရာဝတီမြစ်ရေတက်လာပြီး ဗန်းမော်ခရိုင် အတွင်းက တောင်သူတွေရဲ့ သီးနှံစိုက်ခင်းတွေ ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။