မြစ်ကြီးနား၊ မူဆယ်နဲ့ ခန္တီးမြို့နယ်တွေ လယ်မြေ ဧက ထောင်နဲ့ချီ ရေမြုပ်


2016.07.25
kachin-flooding-620.jpg မြစ်ကြီးနားမြို့ရှမ်းစုမြောက်ရပ်ကွက် တာရိုးကနေ ဧရာဝတီမြစ်ပြင်ကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကြီးနား၊ မူဆယ်နဲ့ ခန္တီးမြို့နယ်တွေမှာ လယ်ယာမြေ ဧက ထောင်နဲ့ချီ ရေနစ်မြုပ်ပျက်စီးသလို နေအိမ်အလံုံးရေ ထောင်နဲ့ချီ ရေနစ်မြုပ်နေပါတယ်။

မြစ်ကြီးနားမြို့နယ် စံကင်းကျေးရွာမှာဆိုရင် ပြောင်းစိုက်ခင်းဧက လေးထောင်ကျော် ရေနစ်မြုပ် ပျက်စီးသွားပြီး ဧရာဝတီမြစ်ရေဟာ အခုချိန်ထိ မြင့်တက်နေ ဆဲဖြစ်တယ်လို့ စံကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လွင် က ပြောပါတယ်။

"အခုလက်ရှိနစ်မြုပ်နေတာက ဧက ၄ ထောင်ကျော်ရှိပြီခင်ဗျ၊ စားဝတ်နေရေးကတော့ ကြပ်တည်းနေပါတယ်ခင်ဗျ၊ ကျနော်တို့ တောင်သူတွေက အင်မတန်ပဲ ခေါင်းမဖော်နိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်ခင်ဗျ"

မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော့နဲ့ ချီဖွေဘက်မှာ မိုးကြီးနေသလို မြစ်ကြီးနားမြို့မှာလည်း ရက်ပေါင်းနှစ်ဆယ်နီးပါး ဆက်တိုက်မိုးရွာနေတဲ့အတွက် ဧရာဝတီမြစ်ရေ တက်လာတာဖြစ်ပါတယ်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ရွှေလီမြစ်ကမ်းတလျှောက်က ကျေးရွာပေါင်း ၂၀ ကျော် မှာ ရေကြီးရေလျှံနေတာကြောင့် အိမ်ခြေ တစ်ထောင်ဝန်းကျင် ရေနစ်မြုပ်နေပြီး ဒေသခံတွေ နေထိုင်ရေးအတွက် ခက်ခဲနေပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်း ခန္တီးမြို့တမြို့လုံးနီးပါး ရေနစ်မြုပ်နေပြီး ကုန်းမြင့်တဲ့ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ မှာ ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက်က မြစ်ချောင်းကမ်းပါးနဲ့ နီးတဲ့မြို့ရွာတွေမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြောင်း ခရီးတွေမှာ သတိပြုသွားလာကြဖို့နဲ့ ရေဘေးနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

ခန္တီး၊ မူဆယ်နဲ့ မြစ်ကြီးနားမြို့နယ်တွေမှာ နေအိမ်အလုံးရေ ထောင်နဲ့ချီ ရေဖုံးလွှမ်းနေတဲ့အတွက် ကုန်းမြင့် တဲ့နေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရတာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မသီရိမင်းဇင် စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။