လာဘ်ပေး လာဘ်ယူ ကင်းစင်ရေး ကြိုးပမ်းမယ်လို့ ဝန်ကြီးချုပ် ပြော


2016.04.25
mahn-jonny-620.jpg ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ကို ဧပြီလ ၂၅ ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Thiha Tun/ RFA

ဧရာဝတီတိုင်းဒေသကြီးမှာ နေထိုင်တဲ့ ပြည်သူတွေအားလုံး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေဖို့ အတွက် တရားဥပဒေစိုးမိုးပြီး လာဘ်ပေး လာဘ်ယူ ကင်းစင်အောင် ဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ က ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီကို RFA က တွေ့ဆုံမေးမြန်းရာမှာ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်သွားမယ့် ရည်ရွယ်ချက်ကို ပြောလိုက်တာဖြစ်ပါ တယ်။

"အဓိကက တရားဥပဒေစိုးမိုးရေးကို အဓိကလုပ်ရမယ်၊ တိုးတက်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်တာရယ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်တာရယ် နှစ်မျိုးရှိတယ်ပေါ့၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု နည်းနေသေးတယ်၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်အောင်ဆိုရင် တရားဥပဒေ စိုးမိုးမှုရှိအောင် နံပါတ်တစ် ကြိုးစားရမှာဖြစ်ပါတယ်၊ တရားဥပဒေစိုးမိုးရင် လာဘ်ပေးလာဘ်ယူမှုတို့ အဂတိလိုက်စားမှုတို့က လျော့ကျသွားမှာပါ"

ဒါ့အပြင် ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ ရေးဆွဲခဲ့တဲ့ စီမံကိန်းတွေကို ဆက်လက် လုပ်ဆောင်ဖို့ သင့် မသင့် ဆိုတာ ပြည်သူတွေကို ချပြပြီး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း တပ်မတော်နဲ့ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေက သိမ်းယူထားတဲ့ လယ်ယာမြေ တွေကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်ပေးနေပေမယ့် အားရကျေနပ်လောက်တဲ့အထိ မရှိသေးဘူးလို့ လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းက ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ ကြိုးစားနေသလို လယ်သမားတွေ အတွက် လယ်ပိုင်ခွင့်ရရှိရေး အတွက် ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် ဦးမန်းဂျော်နီဟာ အန်အယ်လ်ဒီပါတီကနေ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ ၃ ကြိမ် တိုင်တိုင် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။