တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ရက်ရွှေ့ဆိုင်း


2018.01.15
ayeyarwaddy-parliament-622.jpg ဧရာတီတိုင်းဒေသကြီး လွှတ်တော် ကို တွေ့ရစဉ်
Photo: RFA

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် အမည်စာရင်းတင်သွင်းဖို့အတွက် ဒီနေ့ ခေါ်ယူထားတဲ့ တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးကို လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

ဆက်စပ်လုပ်ငန်းတွေ ကျန်ရှိနေသေးတဲ့အတွက် ပြောင်းရွှေ့လိုက်တာလို့  ဧရာတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် က ပြောပါတယ်။

"အခုဟာက ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းဖို့ ကိစ္စပဲ ရှိပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် အမည်စာရင်း တင်သွင်းဖို့အတွက် ဆက်စပ်လုပ်ငန်းတွေ ကျန်ရှိနေသေးတဲ့အတွက်ကြောင့် လွှတ်တော်ကို ၁၈ ရက်နေ့ ပြန်ချိန်းထားတာပါခင်ဗျ။ ဥပဒေအရတော့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ထဲကပဲ ဖြစ်မှာပါခင်ဗျ။ ဥပဒေအရတော့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ထဲက ဖြစ်ရမယ်။ ဒုတိယတစ်ချက်ကတော့ နိုင်ငံတော် သမ္မတ က အမည်စာရင်းတင်သွင်းသူဖြစ်ရမယ်။ ၃ အချက်ကတော့ လွှတ်တော်ရဲ့ သဘောထား ရယူပြီး နိုင်ငံတော် သမ္မတဆီ ပြန်လည် ပေးပို့ရမှာ ဖြစ်ပါတယ်။ သမ္မတက ခန့်အပ်ပြီးတဲ့ခါကျမှ ကျနော်တို့ လွှတ်တော်က ကျမ်းပြန်ကျိန်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ Procedure ပေါ့နော်။ ကျနော်တို့ လွှတ်တော် ကတော့ သမ္မတက အမည်စာရင်းတင်သွင်းတဲ့ သူကိုလွှတ်တော်မှာ သဘောထားချပြပြီးတော့ ဆွေးနွေးခွင့် ပြုပါတယ် ခင်ဗျ"

လုပ်ငန်းစဉ်အရ နိုင်ငံတော် သမ္မတ က ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းသူကို လွှတ်တော်ရဲ့သဘောထား ခံယူပြီး နိုင်ငံတော် သမ္မတ ထံ ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။ သမ္မတ က အမည်စာရင်း ပေးပို့ထားခြင်း ရှိမရှိ မေးမြန်းခဲ့ပေမယ့် တိတိကျကျဖြေကြားတာ မရှိခဲ့ပါဘူး။

ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ ဟာ ကျန်းမာရေးကြောင့် ဝန်ကြီးချုပ် တာဝန်မကျေပွန်မှာ စိုးရိမ်တဲ့အတွက် နုတ်ထွက်ခွင့် ကိုယ်တိုင်တောင်းခံခဲ့တာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မန်းဂျော်နီအနေနဲ့ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်လိုက်ပေမယ့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ရော NLD ပါတီ CEC တစ်ဦးအနေနဲ့ပါ တာဝန်တွေ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ဝ ရက်နေ့က ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း တို့ကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မန်းဂျော်နီဟာ ဝန်ကြီးချုပ်အဖြစ် ၂၁ လ ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်နေရာအတွက် အမျိုးသမီးဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။