ရေနံချက်ဖိုတွေ ပိတ်သိမ်းဖို့ အဆို ဧရာဝတီတိုင်းလွှတ်တော် အတည်ပြု
2016.10.04

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်းနဲ့ အင်္ဂပူမြို့နယ်မှာရှိတဲ့ ရေနံချက်ဖိုတွေဟာ သစ်တောပြုန်းတီးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အတွက် ပိတ်သိမ်းဖို့ အဆိုကို ဧရာဝတီတိုင်းလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီအဆိုနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေး က ထောက်ခံကြောင်းနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြား ခဲ့ကြောင်း ကြံခင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း က ပြောပါတယ်။
"အဆိုကတော့ အောင်မြင်သွားပါတယ်ခင်ဗျ၊ အစိုးရဝန်ကြီး ဖြေသွားတာကတော့ အဆိုကို လက်ခံကြောင်းနဲ့ အဆိုပါအချက်များအတိုင်းပေါ့၊ အစိုးရအဖွဲ့ အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်သွား မှာဖြစ်ကြောင်း ဖြေသွားပါတယ်ခင်ဗျ" လို့ ဦးသော်ဇင်ဝင်း က ပြောတာဖြစ်ပါတယ်။
အဲဒီအဆိုကို မြန်အောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က မနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လုပ်ကိုင်နေတဲ့ ရေနံချက်ဖိုတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်း လက်ယက် တွင်းတွေက ထွက်လာတဲ့ ရေနံတွေကို ချက်လုပ်တာဖြစ်ပါတယ်။
ရေနံချက်လုပ်ရာမှာ အသုံးပြုရတဲ့ ထင်းလောင်စာ လိုအပ်ချက်တွေကြောင့် မြန်အောင်၊ ကြံခင်းနဲ့ အင်္ဂပူမြို့နယ်က သစ်တောကြိုးဝိုင်းတွေမှာ သစ်တောပြုန်းတီးမှုတွေကို ဖြစ်ပေါ်စေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေ က ပြောပါတယ်။
ရေနံဖိုတွေကို ဖျက်သိမ်းတဲ့အခါ ထင်းအလွန်အကျွံသုံးစွဲမှုကြောင့် သစ်ပင်ခုတ်လှဲတာတွေ သစ်ထုတ်လုပ် မှုတွေ လျော့နည်းသွားမှာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးကြတာဖြစ်ပါတယ်။