ကျောင်းသားတွေ အောင်လံ ၊ ချောက်နဲ့ မအူပင် ရောက်ရှိ


2015.02.07
students-ayeyarwaddy-305.jpg ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပုသိမ်မြို့ကနေ ချီတက်လာစဉ်
Photo: ဧရာဝတီ သပိတ်စစ်ကြောင်း

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် မန္တလေးကနေ ရန်ကုန်ကို ချီတက်ဆန္ဒပြနေ တဲ့ ကျောင်းသားတွေဟာ မနေ့မနက်က တောင်တွင်း ကြီးမြို့နယ် ဆတ်သွားရွာကနေထွက်ခွါခဲ့ကြပြီး ၊ အောင်လံမြို့ကို ည ၉ နာရီလောက်မှာ ရောက်ရှိ ခဲ့ကြပါတယ်။

လမ်းတလျှောက်ကျေးရွာလူထုတွေက ကြိုဆိုခဲ့ကြ သလို၊ အောင်လံမှာလည်း မြို့လုံးကျွတ်နီးပါးကြိုဆို ကြပြီး၊ တာဝတိ ံသာကျောင်းတိုက်မှာ ညအိပ်ရပ် နားနေကြတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုသီဟဝင်းတင်က RFA ကိုပြောပါတယ်။

"ဆတ်သွားကနေ ပထမ မိုးကောင်းမှာနားမယ်လို့ စီစဉ်ထားတယ်၊ ဒါပေမယ့် မိုးကောင်းဘက်မှာက ရွာသားတွေအနေနဲ့ကပေါ့ ကျနော်တို့ကို အတင်းနေစေချင်တယ်၊ နေစေချင်ပေမယ့် သူတို့ဘက်က နေရာထိုင်ခင်းလေးတွေက နည်းနည်းအဆင် မပြေဖြစ်သွားတယ်၊ ကျနော်တို့ အောင်လံမှာပဲ တည်းလိုက်ရတယ်ခင်ဗျ၊ အောင်လံမှာ မြို့နယ်က တာဝတိ ံသာဘုန်းကြီးကျောင်းမှာတည်းတယ်"

ကျောင်းသားတွေဟာ ဒီနေ့မနက်မှာ အောင်လံမြို့ကနေ ပြည်မြို့ကို ချီတက်ကြမယ်လို့ သိရပါတယ်။

အလားတူ ဧရာဝတီတိုင်းမှာ သပိတ်မှောက်နေတဲ့ကျောင်းသားတွေဟာ ညောင်တုန်းမြို့ကနေ မနေ့မနက်ပိုင်းမှာ ထွက်ခွါခဲ့ကြပြီး၊ နေ့လည်မှာ ဆားမလောက်ရွာကိုရောက်ရှိကာ ညနေပိုင်းမှာ မအူပင်မြို့ ကိုရောက်သွားကြပါတယ် ။ ရောက်ရာအရပ်မှာ ရွာလုံးကျွတ်၊ မြို့လုံးကျွတ်နီးပါး ကြိုဆိုကြတယ်လို့ ကျောင်းသားသပိတ်ဝန်းရံရေး ကော်မတီ ဝင် ကိုအောင်အောင်ကျော်က ပြောပါတယ်။

"ကျနော်တို့ ညောင်တုန်းကနေပြီးတော့ မနက် ၉ လောက်ကို စထွက်လာကြတယ်၊ ကျောင်းသားသပိတ် စစ်ကြောင်း ပြန်ထွက်တဲ့အချိန်မှာ လိုက်ပါပို့ဆောင်တဲ့ လူထုပရိသတ် အင်အားသောင်းနဲ့ချီရှိတယ်၊ တစ်မြို့လုံးနီးပါးထွက်ပြီးတော့ ပို့ဆောင်ကြပါတယ်၊ နောက်တစ်ခုက ဆားမလောက်မှာလည်း ဒီအတိုင်း ပါပဲ၊ နောက်မအူပင်ဆိုလည်း ညနေ ၄ နရီလောက်က မအူပင်ကိုဝင်တယ်၊ ည ၈ နာရီ ၉နာရီလောက် မှာ ကျနော်တို့ တည်းခိုတဲ့နေရာကို ပြန်ရောက်ပါတယ်၊ ဒါတစ်မြို့လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ကြိုဆို ပါတယ်"

မုံရွာနဲ့ပခုက္ကူက ကျောင်းသားတွေကတော့ မနေ့ညက ချောက်မြို့ကိုရောက်နေပြီး၊ ငွေတောင် ကျောင်းတိုက်မှာ ညအိပ်ရပ်နားနေကြကာ  ဒီနေ့မနက် ရေနံချောင်းကိုခရီးဆက်မယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ မန္တလေး-ရန်ကုန်သပိတ်စစ်ကြောင်းဟာ မကြာခင်ရက်ပိုင်းအတွင်း ပြည်မြို့ကို ရောက် ရှိတော့မှာဖြစ်တဲ့အတွက် အဲ့ဒီသပိတ်မှာပါဝင်ခြင်းမပြုဖို့ ပဲခူးတိုင်းနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်း က ပြည်တက္ကသိုလ်နဲ့ အထက်တန်းကျောင်းသားတွေ၊ ဆရာ၊ ဆရာမတွေကို တွေ့ဆုံသတိပေးနေတယ်လို့ သိရပါတယ်။

ဗကသ ကျောင်းသားတွေရဲ့ လက်ရှိ ခရီးရှည်ချီတက်ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး စာရေးဆရာ ရီနေနိုင်ရဲ့ သဘောထားတွေကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။