ရာသီဥတု ဆိုးဝါးတာကြောင့် ပျက်စီးမှု သေဆုံးမှု ထုတ်ပြန်
2016.04.25

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က စပြီး လေးရက်ဆက်တိုက် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း၊ ချင်း စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၅ ခုမှာ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာနဲ့ မိုးကြီးခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး နေအိမ် တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ နေအိမ်ပျက်စီးမှု အများဆုံးဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။
"အခုဖြစ်တာက ရှမ်း၊ မန္တလေးနဲ့ စစ်ကိုင်းက နည်းနည်းများတာပေါ့နော်၊ မကွေးတို့ ချင်းတို့မှာလည်း နည်းနည်းလေးဖြစ်တယ်၊ တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် မနေ့ကအထိ ကျမတို့သိသလောက် လုံးဝပြိုသွားတဲ့အိမ်က ၁၁ဝဝ ကျော်လောက်ရှိတယ်၊ အမိုးလန်တဲ့အိမ်ကတော့ ၁၁ဝဝဝ ကျောက်လောက်ရှိတယ်၊ အဲ့ထဲမှာ အမိုးပေါက် သွားတာ၊ အိမ်လေးတွေ ယိုင်သွားတာက ၅ဝဝ ကျော်ရှိတယ်၊ တစ်နိုင်ငံလုံးမှာ မနေ့ကအထိ သိရသလောက် ဆိုရင် သေဆုံးတာ ၁၄ ယောက်ရှိတယ်၊ စစ်ကိုင်းမှာဆိုရင် ၇ ယောက်ရှိတယ်၊ မန္တလေးတိုင်းမှာ ၆ ယောက်၊ ရှမ်းပြည်နယ်မှာ ၁ ယောက်ပေါ့၊ မိုးကြိုးပစ်တာရှိတယ်၊ အိမ်ထဲမှာနေရင်း သစ်ပင်ပိတာရှိတယ်၊ အဲ့လိုမျိုးတွေ နဲ့သေကြတာ"
စစ်ကိုင်းတိုင်းမှာ နေအိမ် ၃၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်း ဦးစီးမှူး ဦးစဝီလီဖရန့်(စ်) က ပြောပါတယ်။
လူမှုရေး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သေဆုံးသွားသူတွေရဲ့ မိသားစုကို ငွေကျပ် တစ်သိန်းနှုန်းစီ ထောက်ပံ့ပေးနေပါတယ်။
လူကယ်ပြန်ဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မှာ ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦး ရှိပြီး မန္တလေးတိုင်းမှာ ကျွဲ၊ နွားအကောင်ရေ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ မိုးသီးကြွေတာ၊ လေပြင်း တိုက်တာနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ဖြစ်ပွားခဲ့ပြီး နောက်ထပ် ၂ ရက်လောက်အထိ ဆက်လက်ဖြစ်ပွားနိုင် မယ့် အခြေအနေတွေရှိကြောင်းလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင် က သတင်းထုတ်ပြန်ထားပါတယ်။