ပုဂံ ရှေးဟောင်းပစ္စည်း စာရင်းပြုစုရာမှာ UNESCO ကူညီမည်
2014.06.27

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံ ရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ ပုဂံမြို့ရဲ့သမိုင်းဝင် ရှေးဟောင်း ပစ္စည်းစာရင်းတွေကို ဂျပန်နိုင်ငံရဲ့အကူအညီနဲ့ UNESCO ယူနက်စကိုက စာရင်းပြုစု သွားမယ်လို့ ဒီနေ့ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။
ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့အတွက် ပူးပေါင်းစာရင်းပြုစု သွားမှာဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသိန်းလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တုန်းက ယူနက်စကိုနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပူးပေါင်းပြီး စီမံကိန်းအတွက် ပထမဦးဆုံးအစည်းဝေးတစ်ခုကို ပုဂံမှာ ကျင်းပခဲ့ပါတယ်။
အဲ့ဒီလို ရှေးဟောင်းသမိုင်းဝင် ပစ္စည်းစာရင်းတွေကို စိစစ်ထိန်းသိမ်းခြင်းအားဖြင့် ပုဂံဟာ နိုင်ငံတကာ အဆင့်အရ လုံခြုံစိတ်ချမှှုရှိလာမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကနေ ရှေးဟောင်းပစ္စည်း စာရင်းတွေကို စာရင်း သစ်ပြုလုပ်တာတွေ၊ လက်ရှိမှာရှိနေပြီးသား စာရင်းတွေကိုခန့်မှန်းတာတွေ လုပ်မှာဖြစ်တဲ့ အတွက် ပုဂံမြို့ကို ထိန်းသိမ်းဖို့နည်းလမ်းကောင်း တစ်ခု ဖြစ်လာစေမှာဖြစ်ပါတယ်။
သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စတဲ့ ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မြို့ တွေအဖြစ် ယူနက်စကိုက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က သတ်မှတ်လိုက်ပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင် ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။