ပုဂံမြို့သစ်က ဟိုတယ် မီးလောင်
2018.04.14

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်က ရွှေဗဟို ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့တာကြောင့် ဟိုတယ်ရှေ့ပိုင်းနဲ့ ဘေးကပ်လျက်ဈေးဆိုင်ခန်း ၇ ခန်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ခြင်ဆေးခွေထွန်းထားရာကနေ စတင်လောင်ကျွမ်းတာလို့ ညောင်ဦးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။
"အပေါ်မှာက ဧည့်သည်လာပို့တဲ့ကားတွေ အဲဒီမှာ ယာဉ်မောင်းတွေ ဘာတွေ သူတို့အိပ်ဖို့ နေရာပေးထား တယ်ပေါ့နော်၊ အဲဒီမှာ ခြင်ဆေးခွေကနေပြီးတော့ တဖြည်းဖြည်းမြှိုက်လောင်သွားတာပါ့နော်၊ ဆိုင်ရှင်ကိုယ်တိုင် ကိုကလေ မီးလောင်ပြီးတော့ ဘယ်ထွက်ပြေးမှန်းမသိဘူး၊ တန်ဖိုးကိုသတ်မှတ်ရမှာ အတိအကျ မရနိုင်ဘူးပေါ့ နော်၊ ဟိုတယ်ကတော့ နောက်ခြမ်းကတော့ မပါဘူး၊ ရှေ့ပိုင်းနဲ့ကပ်လျက်က ဈေးဆိုင် ခန်းလေးတွေပေါ့နော်၊ ၇ ခန်းပါသွားတယ်"
အဲဒီမီးလောင်မှုကို ဘေးပတ်ဝန်းကျင်က မနက် ၄ နာရီဝန်းကျင်လောက်မှာ စသိခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီမီးလောင်မှုကို ပုဂံနယ်မြေမီးသတ်စခန်း၊ ပုဂံအရန်မီးသတ်စခန်း၊ ညောင်ဦးခရိုင်မီးသတ်စခန်း၊ ကျောက်ပန်း တောင်းမြို့နယ် မီးသတ်စခန်း စတာတွေက မီးသတ်ယာဉ်နဲ့ ရေသည်ယာဉ်တွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ (၄၁၅) အမြှောက်တပ်ရင်းတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ မန္တလေးတိုင်းဒေသကြီး အောင်မြေ သာစံမြို့နယ်တွေမှာလည်း မနေ့က မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။