နေဝင်ချိန်ကြည့်နိုင်မယ့်နေရာအသစ် ဆောက်လုပ်မှုတွေ ရပ်ဆိုင်း


2018.04.24
bagan-622 ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို တွေ့ရစဉ်
Photo: RFA

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ နေဝင်ချိန်ရှုခင်းတွေကြည့်ဖို့ တည်ဆောက်နေတဲ့ နေရာအသစ်တွေ ဆောက်လုပ်မှုကို ရပ်ဆိုင်းထားဖို့ ရှေးဟောင်းသုတေသနဦးစီးဌာနက ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီနဲ့ ညှိနှိုင်းထားပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားဆဲကာလမို့ ရှုခင်းတွေကြည့်ဖို့ ကန်ဘောင်တွေ မြှင့်တင်တာတွေကို ဆက်မလုပ်ဖို့ ညှိနှိုင်းထားတာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး  ဦးအောင်အောင်ကျော် က ပြောပါတယ်။

"ရှုခင်းကြည့်တယ်၊ နေဝင်၊ နေထွက်ကြည့်တယ်တွေသာ ပြောနေတာပါ၊ အဓိကကတော့ ကျနော်တို့ ကန်ဘောင် မြှင့်တာပါ၊ နည်းနည်းလေး မြင့်မြင့်လေးမြှင့်ပြီးတော့ ကန်ဘောင်ကိုမြှင့်ရင်း အပေါ်မှာ Landscape ကို ကြည့်လို့ရအောင် လုပ်ရင်းဆောင်ရွက်တဲ့သဘောပါ၊ ကျနော်တို့ ဆက်ပြီးမလုပ်ဖို့ ညှိနှိုင်းထားပါတယ်၊ ဒါတွေက ကမ္ဘာ့အမွေအနှစ်တင်ပြီးသားလည်း ဖြစ်တယ်၊ အခုချိန်က စစ်ဆေးဆဲ ကာလပေါ့နော်၊ သူတို့ အကဲဖြတ်နေတဲ့ ချိန်မှာ လုပ်တာတွေက ဖြေရှင်းရနိုင်တဲ့အတွက် ဒီဟာတွေကို ဆက်လက်အသစ်တွေလုပ်ဖို့ကို ခေတ္တရပ်ဆိုင်း ထားဖို့ မေတ္တာရပ်ခံထားတာပါ"

ဘုရားတွေပေါ်တက်ပြီး နေဝင်ချိန်ကြည့်တာတွေ လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကန်ဘောင်တွေမြှင့်တင်ပြီး ရှုခင်းကြည့်ဖို့ နေရာတွေ တည်ဆောက်တာ ဖြစ်ပါတယ်။

အဲဒီလို ကန်ဘောင်တွေ မြှင့်တင်ဖို့ကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ကနေ ခရိုင် စီမံခန့်ခွဲရေး အဖွဲ့ကို တာဝန်ပေးတာဖြစ်ပြီး အဲဒီကတဆင့် လုပ်ငန်းအကောင်အထည်ဖော်မယ့်ဌာနတွေကို ခရိုင်စီမံခန့်ခွဲရေး အဖွဲ့ကနေ တာဝန်ပေးအပ်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ ရှုခင်းကြည့်ဖို့ နေရာ ၄ ခုမှာ အကောင်အထည်ဖော်ထားပြီးဖြစ်ပြီး ဆက်လုပ်ဖို့ တစ်နေရာ ကျန်နေသေးတာ ဖြစ်ပါတယ်။

အဲဒီနေရာ ၄ နေရာဟာ ကိုမောင်ကန်၊ စူဋ္ဌာမဏိကန်၊ ညောင်လက်တစ်ဖက်ကန်၊ နောက်တစ်ခုက မင်းနန်သူရွာ နားမှာရှိတဲ့ ကန်ဦးကန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။