ရှစ်လေးလုံးကို မှတ်တမ်းတင်ဖို့ ကိုကိုကြီးပြောကြား
2016.08.06

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတိတ်မှာဖြစ်ပျက်ခဲ့တာတွေကို အနာဂတ် လူငယ်တွေ လေ့ လာနိုင်အောင် မှတ်တမ်းတင်ဖို့လိုကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောပါတယ်။
ပဲခူးမြို့မှာ ဒီနေ့ကျင်းပတဲ့ ၈ လေးလုံး ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက ပြောခဲ့တာဖြစ်ပါတယ်။
"အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးက အမှန်တရားဖော်ထုတ်ရေးပါ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီးတော့ ပြီးခဲ့တဲ့ကိစ္စတွေအားလုံး မေ့ပျောက်ပြီးချန်ထားခဲ့ပြီး လက်ဆွဲနှုတ်ဆက်လိုက်ရုံနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမဖြစ်ပါဘူး၊ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာကြောင့်ဖြစ်ခဲ့သလဲ၊ အဲ့ဒါတွေကို ကျနော်တို့နောင်လာနောင်သားတွေကို လက်ဆင့်ကမ်းဖို့လိုပါတယ်၊ ဒီလိုမျိုးတွေနောက်ထပ်မပေါ်ပေါက်အောင် လူ့အဖွဲ့အစည်းတစ်ခုလုံးက တားဆီးနိုင်တဲ့ ကာကွယ်နိုင်တဲ့ နိုင်ငံရေးလမ်းစဉ်တွေကို ချမှတ်နိုင်ဖို့ဖြစ်ပါတယ်"
ဒါ့အပြင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာမှာ သွေးထွက်သံယိုမှုတွေ ထပ်မံမပေါ်ပေါက်ဖို့ လိုကြောင်းလည်း ဦးကိုကိုကြီးက ပြောပါတယ်။
မ.ဆ.လ အစိုးရကို ဖြုတ်ချဖို့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က ပဲခူးမြို့မှာ ဆန္ဒပြနေတဲ့ ကျောင်းသူ ၊ ကျောင်းသားတွေကို ပဲခူးမြို့ ဆက်သွယ်ရေးရုံးရှေ့မှာ ရဲတပ်ဖွဲ့က တားဆီး ပစ်ခတ်ခဲ့တာကြောင့် ကျောင်းသူ ၊ ကျောင်းသား ၆ ယောက် သေဆုံးခဲ့ရပြီး လူ ၂ဝ နီးပါး ဒဏ်ရာရရှိခဲ့တဲ့ ၂၈ နှစ်ပြည့် အခမ်းအနားကို ပဲခူးမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) ကအဖွဲ့ဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ကြ ပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် ဦးနေဝင်း ဦးဆောင်တဲ့ မ.ဆ.လ အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ပဲခူးမြို့က ကျောင်းသူ ၊ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ ၂၈ နှစ်ပြည့်အခမ်းအနားကို ပဲခူးမြို့ နာရီစင်အနီးက Green Social ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။