ကျောင်းသားသပိတ်မှာ မပါဝင်ဖို့ ပဲခူးတိုင်းအစိုးရအဖွဲ့ သတိပေး
2015.02.07

ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်အဆင့်နဲ့ အထက် တန်းကျောင်းသူ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြမှုတွေမှာ မပါဝင်ကြဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆရာ ဆရာမတွေ ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သတိပေးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းနဲ့အဖွဲ့ဟာ ပြည်မြို့က ကျောင်းတွေမှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ် ထည့်သွင်းပြောခဲ့တာလို့ အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက် ခဲ့တဲ့ ပြည် နည်းပညာတက္ကသိုလ်ကျောင်းသား ကိုသန့်ဇင်ထွန်းက ပြောပါတယ်။
"ဆရာ ဆရာမတွေရဲ့စကားကို နားထောင်ဖို့၊ စာကလွဲလို့ တခြားအကြောင်းအရာတွေကို စိတ်မဝင်စားဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းကြောင်းပေါ်ကိုရောက်အောင်ပြောတယ်၊ ပြောပြီးတဲ့အခါမှာ ဆရာ၊ ဆရာမတွေနဲ့ ဌါနမှူးတွေကို အပေါ်မှာအစည်းအဝေးတစ်ခါလုပ်ပြီးတော့ ကျောင်းသားတွေကို ဒီလာမယ့် သပိတ်လမ်းကြောင်းဟာ ပါတဲ့သူတွေဟာ ဘုန်းကြီးဆိုရင်လည်း ဘုန်းကြီးတွေက ဒီသပိတ်ရှိလို့ လူကနေဘုန်းကြီးဝတ်သွားတဲ့ပုံစံ မျိုးတွေ ဒီသပိတ်ကို နိုင်ငံရေးသမားတွေက ကြိုးကိုင်ပြီးတော့ နိုင်ငံရေးသမားတွေက ပိုင်ဆံရတယ် အဲ့လိုပုံစံမျိုးပြောတယ်၊ သူတို့ပြောချင်တဲ့သဘောမျိုးက ဒီသပိတ်မှာ ကျောင်းသားတွေပါမလာဖို့ အတွက်ပါ"
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ဆန္ဒပြကျောင်းသူ ကျောင်းသားတွေဟာ ဒီနေ့ အောင်လံမြို့ကို ရောက်ရှိမှာဖြစ်ပြီး ပြည်မြို့ကို လာမယ့် တနင်္လာနေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။
မုံရွာနဲ့ ပခုက္ကူကနေလာကြတဲ့ သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေဟာ ချောက်မြို့ကို ဒီနေ့ ရောက်မှာဖြစ်ပြီး ဧရာဝတီတိုင်းကလာတဲ့ သပိတ်စစ်ကြောင်းဟာ မအူပင်မြို့ကိုရောက်ရှိမှာ ဖြစ်ပါတယ်။