ပေါင်းတည် Mytel တာဝါတိုင် လုံခြုံရေးကို ဝင်တိုက်ခဲ့ကြောင်း ပဲခူး PDF ပြော

ပဲခူတိုင်း၊ ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာက Mytel တာဝါတိုင် လုံခြုံရေးယူနေတဲ့ စစ်သားတွေကို ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလ ၂၀ ရက် ဒီနေ့မနက် အစောပိုင်း တိုက်ခိုက်ခဲ့တာကြောင့် စစ်သားငါးဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း PDF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို လုံခြုံရေးပေးဖို့ တာဝါတိုင်နားက နေအိမ်တစ်ခုမှာ စစ်သားရှစ်ဦး စခန်းချထားချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပဲခူး PDF အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"ပေါင်းတည် PDF က ဒီစစ်ဆင်ရေးကိုလုပ်ခဲ့တာပါ၊ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ အောင်အောင် မြင်မြင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ အဖွဲ့ဝင်က ဆိုပါတယ်။
စစ်သား ငါးဦး သေဆုံးတယ်ဆိုတဲ့ ပဲခူး PDF ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားတည်ပြုနိုင် ခြင်း မရှိသေးသလို စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ပဲခူးတိုင်းထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပစ်မှတ်တွေကို အခုထက် အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ပေါင်းတည်မြို့မှာ စစ်တပ် သတင်းပေးလို့ နာမည်ကြီးသူ ရွှေလွန်းပျံ တည်းခိုခန်းပိုင်ရှင် ကိုဝေလင်း ကို ပေါင်းတည် PDF က သေနတ်နဲ့ပစ်ခဲ့သလို ရန်ကုန် - ပြည် ကားလမ်းပေါ် ဇီးကုန်းမြို့ အဝင်ဂိတ်က လုံခြုံရေးအဖွဲ့ဝင် ၁၀ ဦးကိုလည်း ဇီးကုန်း PDF က တိုက်ခိုက်ခဲ့ရာမှာ ရဲနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက် မှတ်တိုင်လမ်းမှာရှိတဲ့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခြံဝန်းထဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။