ပြည်မြို့က စစ်ဆေးရေးဂိတ်တစ်ခု မိုင်းကွဲလို့ စစ်သားနှစ်ဦး သေဆုံး

2021.10.21
ပြည်မြို့က စစ်ဆေးရေးဂိတ်တစ်ခု မိုင်းကွဲလို့ စစ်သားနှစ်ဦး သေဆုံး ပြည်မြို့ ညမြင်ကွင်း။
Photo: CJ

ပဲခူးတိုင်း ပြည်မြို့က စစ်ဆေးရေးဂိတ်တစ်ခုကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက် ဒီနေ့ည ၇ နာရီခွဲလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားနှစ်ယောက်သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရခဲ့တယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်မြို့ အောင်ဆန်းရပ်ကွက် ဆေးရုံကြီးအနီး သံလမ်းဂိတ် ဘတ်စကားမှတ်တိုင်အနီးက စစ်ဆေးရေးဂိတ်ကို ပြည်မြို့မြေအောက်ပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အုန်း ခနဲဆို အသံအကျယ်ကြီးကြားလိုက်ရတယ်။ မြေကြီးပါ တုန်တယ်။ နောက်ပြီး သေနတ်ပစ်သံတွေ ထွက်လာတာပဲ”လို့ ပေါက်ကွဲမှုဖြစ်စဉ်အနီးမှာ နေထိုင်တဲ့ ပြည်မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်သားနှစ်ဦး သေဆုံးတဲ့ဆိုတဲ့ ပဲခူးတိုင်း PDF ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြည်မြို့မှာတော့ ဗုံးခွဲတိုက်ခိုက်ခံရအပြီး အဲဒီနေရာတဝိုက်မှာ သွားလာနေတဲ့ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးတာ၊ ကားနဲ့ကင်းပတ်ပြီး သံသယရှိသူတွေကို လိုက်လံရှာဖွေတာတွေ ပြုလုပ်နေတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပြည်မြို့ ဆံတော်ရပ်ကွက်က ပြည်မြို့နယ်လျှပ်စစ်ရုံးနဲ့ ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့လည်း ဖောက်ခွဲခံရပြီး အဲဒီဖြစ်စဉ်မှာတော့ လူထိခိုက်ဒဏ်ရာရတာ၊ အဆောက်အဦး ပျက်စီးတာမျိုးတွေ မရှိပါဘူး။ ပြည်မြို့ နဝင်းရပ်ကွက်က မိုင်တယ်လ် Mytel တာဝါတိုင်တစ်ခုကိုလည်း ပြည်မြို့မြေအောက် ပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။