ကျူးကျော်အိမ်ထောင်စုစာရင်း သက်သေခံကတ်တွေ ထုတ်ပေး
2017.06.12

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးတောင်ရပ်ကွက် အပါအဝင် ရပ်ကွက် ၃ ခုမှာ ကျူးကျော် အိမ်ထောင်စုစာရင်း ၄ဝဝ ကျော်ကို အုပ်ချုပ်ရေးအဖွဲ့က ကျူးကျော်သက်သေခံ ကတ်ပြားတွေ ဒီနေ့ ထုတ်ပေးနေရာ ကျူးကျော်မဟုတ်ဘူးဆိုပြီး မထုတ်ယူတဲ့ အိမ်ထောင်စု ၄ဝဝ နီးပါး ရှိပါတယ်။
ငါးထပ်ကြီးတောင်ရပ်ကွက်က ဆာဘိုးသာခြံမှာ နေထိုင်တဲ့ အိမ်ထောင်စု ၃၇၃ စုက သူတို့ဟာ ကျူးကျော်နေထိုင် သူတွေမဟုတ်တဲ့အတွက် သက်သေခံကတ်ပြားကို မထုတ်ယူဘူးလို့ ပြောကြပါတယ်။
အဲဒီခြံမှာ နေထိုင်သူတွေဟာ နှစ်ပေါင်း တစ်ရာကျော်ကြာ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြတာဖြစ်တဲ့အတွက် သူတို့ ဟာ ကျူးကျော်မဟုတ်ဘူးလို့ ဆိုပါတယ်။
အင်္ဂလိပ်လက်ထက်က သူဌေးကြီး ဆာဘိုးသာ ဆိုသူဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၁၄ဦးကို ဆာဘိုးသာခြံမြေနေရာ မှာ နေထိုင်ဖို့ ပေးခဲ့တာဖြစ်ပြီး အဲဒီ ၁၄ ဦးရဲ့ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
သက်သေခံကတ်ပြားတွေ ထုတ်ပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း အဲဒီခြံမှာနေထိုင်သူတွေကို တရားဝင် ပိုင်ဆိုင် မှုမပေးထားတာကြောင့် ကျူးကျော်နေထိုင်သူတွေအဖြစ် သတ်မှတ်တာဖြစ်ကြောင်း ပြောပါတယ်။
သူဌေးကြီး ဆာဘိုးသာရဲ့ မြစ်ဖြစ်သူ ဦးချမ်းကျော်ကျော်ပိုင်က အဲဒီခြံရဲ ့ပိုင်ရှင်အဖြစ် ရှိနေတာဖြစ်ပါတယ်။
သက်သေခံကတ်ပြားတွေကို မနက်ဖြန်အထိ ၂ ရက်ကြာ ထုတ်ပေးသွား မှာဖြစ်ပါတယ်။