ဗိုလ်မှူးကြီး ဗထူးကို ဂုဏ်ပြုကြ


2016.07.12
bahtoo-620.jpg ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့မှာ ဗိုလ်မှူးကြီး ဗထူး ကြေးသွန်းရုပ်တုနဲ့ ပန်းခြံကို ဇူလိုင်လ ၁၂ ရက်နေ့က ဖွင့်လှစ်စဉ်
Photo: Myo Zaw Ko/RFA

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ ဗိုလ်မှူးကြီးဗထူး ကြေးသွန်းရုပ်တုနဲ့ ပန်းခြံကို ဒီနေ့ ဖွင့်လှစ်ပြီး ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့် ဂုဏ်ပြုအခမ်းအနား ကျင်းပခဲ့ပါတယ်။

ဗိုလ်မှူးကြီးဗထူးလို ပြည်ထောင်စုအတွက် စဉ်းစားပြီး ခေါင်းချသွားတဲ့သူကို ပြည်ထောင်စုသားအားလုံးက ဂုဏ်ယူနေကြမှာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင် က ရာပြည့်အခမ်းအနားမှာ ပြောပါတယ်။

"ကျနော်တို့ပြည်ထောင်စုကြီးထဲမှာ ဘယ်နေရာမှာပဲမွေးမွေး၊ ဘယ်နေရာမှာပဲ နောက်ဆုံး ခေါင်းချ ၊ ခေါင်းချ၊ ကိုယ်လုပ်ခဲ့တာတွေပဲ ကိုယ့်ရဲ့သမိုင်းဖြစ်တယ်ဆိုတာ အထင်အရှားတွေ့ရမှာပဲ၊ ပြည်ထောင်စု ကြီးအတွက် စဉ်းစားပြီးတော့ ပြည်ထောင်စုတစ်နေရာမှာ ခေါင်းချသွားသူကို ပြည်ထောင်စုသား အားလုံးက လိုလားနှစ်ခြိုက်စွာနဲ့ ဂုဏ်ယူနေကြမှာပါ၊ လူတစ်ယောက်က တိုင်းပြည်အတွက် အလုပ်လုပ် တယ်ဆိုရင် ယူနီဖောင်းဝတ်သည်ဖြစ်စေ၊ ယူနီဖောင်းမဝတ်ပဲ အရပ်သားဖြစ်စေ၊ စိတ်ရင်းစေတနာ အမှန်နဲ့ စွမ်းဆောင်ခဲ့တယ်ဆိုရင် ဟောဒီတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ချစ်နေကြဦးမှာလားလို့ ကျနော်မေးချင်ပါတယ်"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်မှူးကြီးဗထူးအပါအဝင် ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလမှာ ကျဆုံးသွားသူတွေအားလုံးကို ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေကို အခုလိုအောက်မေ့သတိရတာဟာ နိုင်ငံရေးအရ အနှစ်သာရ ရှိကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့်ဟာ နိုင်ငံတော်အသွင် ကူးပြောင်းရေး ကာလအစဦးနဲ့ တိုက်ဆိုင်နေကြောင်း နဲ့ အဲဒီလိုထူးခြားတိုက်ဆိုင်မှုကိုအရယူပြီး ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီပန်းတိုင်ကို ဆောလျင်စွာ ရောက်ရှိအောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဖို့ သဝဏ်လွှာပေးပို့ တိုက်တွန်းလိုက်ပါတယ်။

ရာပြည့်အခမ်းအနားကို ဗိုလ်မှူးကြီးဗထူးရဲ့ မြေးဖြစ်သူလည်း တက်ရောက်ခဲ့ပြီး အဖိုးဖြစ်သူကို အခုလိုဂုဏ်ပြုတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။

ဖက်ဆစ်ဂျပန်ကို အစောဆုံးစစ်ကြေညာတော်လှန်ခဲ့တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် လေးသွန်းခံရွာသား ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၅ ခုနှစ် ဇွန်လ ၂ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် တဲ့လုကျေးရွာမှာ ငှက်ဖျားရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးဗထူးကို အမှတ်ရအောက်မေ့တဲ့အနေနဲ့ တဲ့လုရွာမှာ ဒီနေ့ အမှတ်တရကျောက်တိုင် စိုက်ထူခဲ့တဲ့အပြင် ရွာငံမြို့မှာလည်း ဗိုလ်မှူးကြီးဗထူး ကြေးသွန်းရုပ်တုနဲ့ ပန်းခြံ ဖွင့်လှစ်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၂ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတောာ် BIA ကို စစ်ကြပ်ကလေးရာထူးနဲ့ စတင်ဝင်ရောက်ခဲ့ပြီး အထက်ဗမာပြည်တိုင်းမှူးအထိ တာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အလားတူ ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအမှတ်နဲ့ တနင်္သာရီတိုင်းအစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ မြို့မိမြို့ဖတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ရာပြည့်ကော်မတီက တနင်္သာရီ တိုင်း လောင်းလုံမြို့နယ် ကမြောကင်းကျေးရွာမှာ သံဃာအပါး ၁၀၀ ကို ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ ဗိုလ်မှူးကြီး ဗထူး နှစ်တစ်ရာပြည့်နေ့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဗထူးကို သိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ဗိုလ်မှူးကြီး ဗထူး အကြောင်းကို ပြောပြထားပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။