ကျောင်းသား အစည်းအဝေး နိုဝင်ဘာမှာ ကျင်းပမယ်
2016.07.05

ကျောင်းသားထုညီလာခံ ဖေါ်ဆောင်နိုင်ရေးအတွက် လာမယ့် နိုဝင်ဘာလမှာ ကျောင်းသားသမဂ္ဂအားလုံး ပါဝင်တဲ့ အကြိုအစည်းအဝေး ကျင်းပသွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် က ကြေညာချက် ထုတ်လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းပေါ်က ယုဒဿန်ခန်းမမှာ ကျင်းပတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲမှာ ဗကသအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုမိုးထက်နေ က ကျောင်းသားထုညီလာ ခံ ဖြစ်မြောက်ရေး အကြိုအစည်းအဝေးကျင်းပမယ့်အကြောင်း အခုလိုပြောပါတယ်။
"ကျနော်တို့ ညီလာခံတစ်ခု ကျင်းပမယ်ဆိုရင် အဲ့ညီလာခံမှာ ဘယ်လိုလူမျိုးတွေဖိတ်မလဲဆိုတဲ့ သတ်မှတ် ချက်တွေပေါ့၊ နောက်တစ်ခါညီလာခံမှာ ဘယ်လိုမျိုးတွေဆွေးနွေးမလဲပေါ့၊ နောက်ဘာတွေလုပ်မယ် ဆိုတဲ့ အချက်အလက်တွေ ကျနော်တို့ရှိရပါမယ်၊ အဲ့အချက်အလက်တွေက ကျနော်တို့နောက်တစ်ကြိမ် ကျင်းပမယ့် ညီလာခံအကြိုအစည်းအဝေးမှာ ကျောင်းသားတွေအားလုံးနဲ့ပေါင်းပြီး ရေးဆွဲမှာပါ"
ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး တက္ကသိုလ်ကျောင်းပေါင်း ၅၇ခု က သမဂ္ဂတွေနဲ့ တက္ကသိုလ်သမဂ္ဂများ နှီးနှော ဖလှယ်ပွဲကို ပဲခူးမြို့မှာ ၃ရက်ကြာ ကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
တက္ကသိုလ်အသီးသီးမှာ စည်းရုံးရေးတွေ အရှိန်မြှင့်ပြီး တက္ကသိုလ်သမဂ္ဂတွေရဲ့ ဖဲ့ွစည်းပုံတွေ၊ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း နဲ့ ဖက်ရယ်စနစ်ကို အခြေခံတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်ပေါ်လာဖို့ တိုင်းရင်းသားကျောင်းသားတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက် မှာ ပါရှိပါတယ်။
ဒါ့အပြင် တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ ပေါ်ထွန်းရေး၊ စည်းရုံးခွင့် ရရှိရေးနဲ့ ကျောင်းသား ထုကြား သွေးကွဲစေတဲ့ ခွဲခြားဆက်ဆံမှုတွေ မပြုလုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။