ဗကသ နှီးနှောပွဲ ထောက် လှမ်းရေး စောင့်ကြည့်


2016.07.02

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တက္ကသိုလ်နဲ့အခြေခံကျောင်းသားသမဂ္ဂများ နှီးနှော ဖလှယ်ပွဲကို ပဲခူးမြို့အနား ကျောက်တန်းရွာက ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ပထမနေ့မှာ သမဂ္ဂတွေလက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ကျောင်းသား ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြ သလို၊ ထောက်လှမ်းရေးတွေကလဲ စောင့်ကြည့်နေတယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟဝင်းတင်က ပြောပါတယ်။

"အဓိကဆွေးနွေးတာကတော့ တက္ကသိုလ်တွေနဲ့ ပတ်သက်တဲ့စိန်ခေါ်ချက်တွေပေါ့နော်၊ အဲ့ဒါတွေကို ဆွေးနွေးဖြစ်ကြတယ်၊ အခက်အခဲကတော့ အခုဆိုရင်ဘုန်းကြီးကျောင်းကိုလာပြီး စရဖတို့ဘာတို့ကတော့ ဖိအားပေးနေတာတွေရှိတယ်၊ ဘယ်လိုဖိအားပေးတာလဲဆိုတော့ ဘယ်သူတွေလာလဲဆိုပြီး အပေါက်ဝမှာထိုင်စောင့်နေတာ"

ဒီဆွေးနွေးပွဲအတွက် ရန်ကုန်မြို့မှာနေရာရှာတဲ့အခါမှာလည်း ၁၀ နေရာလောက်ကို စုံစမ်းခဲ့ပေမယ့် ဖိအားတွေကြောင့် လက်မခံရဲကြလို့၊ နောက်ဆုံးမှာ ပန်းပျိုးလက်ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကလက်ခံခဲ့တဲ့အတွက်ကျင်းပနိုင်တာလို့ဆိုပါတယ်။

တက်ရောက်လာတဲ့ ကျောင်းသားကိုယ်စားလှယ်တွေကို (၈) အုပ်စုဖွဲ့စည်းပြီး အစုအဖွဲ့အလိုက် အကြောင်းအရာတူတွေစုစည်းပြီးဆွေးနွေးနေ ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ဇူလိုင်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့ထိ (၃) ရက်ကျင်းပမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ် အနှံ့ကတက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူ အယောက် (၂၀၀) ကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။