စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်မယ်လို့ ဗကသပြော
2020.10.03

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အနေနဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရှိန်မြှင့်ပြီး ဆက်လုပ်သွားမယ်လို့ ဗကသအဖွဲ့ချုပ် ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒုတိယဥက္ကဋ္ဌ (၁) ကိုအောင်ပြည့်စုံဖြိုးက RFA ကိုပြောပါတယ်။
ဗကသအဖွဲ့ချုပ် အဖွဲ့ဝင်တွေ အဆင်ပြေမယ့်နည်းလမ်းတွေကို ရွေးချယ်ပြီး ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် ဘယ်လိုပုံစံမျိုးတွေဆိုတာ ကြိုပြောလို့မရဘူးလို့ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။
ဗကသအဖွဲ့ချုပ်က ဦးဆောင်လှုပ်ရှားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၃ ရက် ဒီနေ့နေ့လယ်ပိုင်းမှာလည်း အွန်လိုင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ မြန်နှုန်းမြင့် အင်တာနက်လိုင်းရဖို့ စက်တင်ဘာလ ၂၅ ရက် နေ့က မန္တလေးမြို့ ဈေးချိုနာရီစင်နားမှာ ဆန္ဒပြခဲ့တဲ့ ဗကသအဖွဲ့ချုပ် အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်နဲ့ ကိုရဲရင့်အောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မတွေနဲ့ အမှုဖွင့်ခဲ့တာပါ။
အောက်တိုဘာ ၂ ရက်နေ့မှာတော့ မဟာအောင်မြေမြို့နယ်တရားရုံးက ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုပ်မ ၅၀၅(က) နဲ့ (ခ)တို့နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ပါတယ်။
အခုလိုထောင်ချလိုက်တဲ့လုပ်ရပ်ဟာ တရားစီရင်ရေးတစ်ခုလုံး စစ်တပ်လွှမ်းမိုးမှုအောက်မှာ ရှိနေတာကြောင့်လို့ ပြောချင်ကြောင်းနဲ့ အစိုးရအနေနဲ့လည်း စစ်တပ်ရဲ့လုပ်ရပ်တွေကို မကာကွယ်ဖို့ ပြောချင်တယ်လို့ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။
ဗကသ ကျောင်းသားတွေဟာ ရခိုင်အရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က စတင်ပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေကြောင့်ပဲ မန္တလေးမြို့က ကျောင်းသား ၁၃ ယောက်ဝန်ကျင်းကို နယ်မြေအလိုက် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ (၁၉)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) နဲ့ အမှုဖွင့်ထားပါတယ်။