ဗကသကျောင်းသားတွေ ရွေးကောက်ပွဲကို သပိတ်မှောက်


2020.08.09
bakatha-7july-622.JPG ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် တချို့ကို ၂၀၂၀ ဇူလိုင် ၇ ရက်နေ့က တွေ့ရစဉ်
Photo: All Burma Federation of Student Unions - cec

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အယုံအကြည်မရှိတဲ့အတွက် လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်လိုက်ပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအလုပ် အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောပါတယ်။

လက်ရှိအစိုးရဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ လုပ်ဆောင်ရတာဖြစ်ပြီး ရွေးကောက်ပွဲတွေ ဟာလည်း ၂၀၀၈ အခြေခံဥပဒေအောက်က ကျင်းပတဲ့အတွက် အယုံအကြည်မရှိဘူးလို့ ကိုသက်မောင်မောင်က ပြောပါတယ်။

ဗကသအနေနဲ့ ရှစ်လေးလုံး ၃၂ နှစ်မြောက်နေ့ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ချက် တစ်စောင်ကို လည်း ထုတ်ပြန်ထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ မှာ စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားပြီး ဖွဲ့စည်းပုံအောက်က တက်လာတဲ့ အစိုးရဟာလည်း စစ်အုပ်စုရဲ့ အကျိုး စီးပွားကို ကာကွယ်ပေးနေရတယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံရဲ့ အရှိန်အဝါကိုအသုံးပြုပြီး နာမည်ရလာတဲ့ နိုင်ငံရေးသမားတွေဟာလည်း ရှစ်လေးလုံးရဲ့ အနှစ်သာရကိုမျက်ကွယ်ပြုပြီး စစ်အုပ်စုကို အလုပ်အကျွေးပြုနိုင်ရေး ကြိုပမ်းနေကြတယ်လို့ ပြောထားပါတယ်။

စစ်မှန်တဲ့ပြည်သူ့အစိုးရဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဖြစ်လာမှာမဟုတ်သလို ဖွဲ့စည်းပုံ အောက်ကို ဒူးထောက်ဝင်လိုက်တာဟာလည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုလိုက်တာ ဖြစ်တယ်လို့ ပါဝင်ပါတယ်။ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနဲ့ စစ်အစိုးရကျဆုံးရေးကို ဗကသအနေနဲ့ ဆက်လက်လုပ် ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဗကသအနေနဲ့ မဲမပေးဘဲ သပိတ်မှောက်လိုက်တာဟာ သတ္တမအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာညီလာခံရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကိုသက်မောင်မောင်က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ် ၄၆ ကျောင်းက ဗကသအဖွဲ့ဝင်တွေအားလုံး သပိတ်မှောက် လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၅ ရက်နေ့က ကျင်းပတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ရှိနေတဲ့ကာလ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးပွဲမှာတော့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးသင့်ကြောင်းနဲ့ ကိုယ်ကြိုက်သလို မဲပေးရမှာဖြစ်ပြီး ကိုယ့်နိုင်ငံအတွက် တာဝန်ယူစိတ် လူတိုင်းမှာရှိဖို့လိုကြောင်း ပြောပါတယ်။

မဲမပေးဘဲ စနစ်ကို မကြိုက်ကြောင်းပြောနေတာဟာ အင်မတန်တာဝန်မဲ့ကြောင်းနဲ့ ငါးနှစ်မှာမှ တစ်ရက် အချိန်ပေးရတဲ့တာဝန်ကို ကျေပွန်အောင်လုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။