ထားဝယ် ကျောက်မီးသွေး စီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံများ တောင်းဆို
2014.10.28

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ဘန်းချောင်းဒေသမှာ အကောင်အထည်ဖော်နေ တဲ့ ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံရွာသားတွေက သတ္တုတွင်း လုပ်ငန်း၊ သစ်တောရေးရာဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေ ကို မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ တောင်းဆိုလိုက် ပါတယ်။
ကျောက်မီးသွေးတွင်း စီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကုမ္ပဏီတွေက တာဝန်ယူမယ် ပြော ထားပေမယ့် အမှန်တကယ် တာဝန်ယူဖြေရှင်းပေးတာ မရှိတာကြောင့် ကန့်ကွက်ကြတာဖြစ်တယ် လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကထောက်နီကျေး ရွာသူ နော်သယူစိုးက ပြောပါတယ်။
"ကုမ္ပ္ပဏီ ပြောဆိုချက်အရတော့ တကယ်လို့ ပျက်လာခဲ့သည်ရှိသော် သူတို့က အကုန်လုံးတာဝန်ယူမယ်လို့ ပြောတာပဲ၊ ဒါပေမဲ့ ပြီးသွားခဲ့တာတွေအပေါ်မှာတော့ သူတို့ တာဝန်မယူခဲ့ဘူးပေါ့နော်၊ ဆိုးကျိုးတွေကြောင့် ခံရမယ်ဆိုရင် ဒေသခံတွေပဲ ခံရမယ်ဆိုတော့လေ၊ အဲ့ဒါကြောင့်မို့လို့ ရွာသူရွာသားတွေက ကန့်ကွက်တယ်၊ ကိုယ့်မှာရှိတဲ့တဲ့ ဥယျာဉ်တွေ ပျက်စီးမယ်ဆိုရင် သူတို့ ဘယ်လိုပဲ ပြန်လျော်၊ ဘယ်လောက်ပဲ ပြန်လျော်ပေါ့နော်၊ ကိုယ်ရင်းခဲ့ရတဲ့အချိန်၊ ကိုယ်ပေးဆပ်လိုက်ရတဲ့အချိန်၊ ကိုယ်နေခဲ့ရတဲ့ဒေသတွေက ဘယ်လိုမှ အဆုံးရှူံးမခံနိုင်ဘူး၊ အဲ့ဒါကြောင့်မို့လို့ သူတို့ အဲ့ဒီကုမ္ပ္ပဏီကို ဆက်ပြီးတော့ လက်မခံနိုင်ဘူး"
မနေ့က တွေ့ဆုံဆွေးနွေးပွဲကို ထားဝယ်မြို့ တာကပေါရုံးခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဘန်းချောင်းဒေသမှာရှိ တဲ့ ဖောင်းတော၊ ပျားသားချောင်း၊ ဆင်စွယ်ဝ၊ မောင်မထု၊ ကထောက်နီ၊ ကွမ်းချောင်းကြီး စတဲ့ကျေးရွာ ၉ ရွာက ဒေသခံတွေ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် ကျောက်မီးသွေးတူးဖော်နေတဲ့ မေဖလားဝါး၊ East Star Mining နဲ့ Thai Asset Mining စတဲ့ ကုမ္ပဏီ ၃ ခုက တာဝန်ရှိသူတွေအပြင် အမှတ် ၃ သတ္တုတွင်းလုပ်ငန်း၊ သစ်တောရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
အဲ့ဒီစီမံကိန်းကို ပြီးခဲ့တဲ့နှစ်က စတင်လုပ်ကိုင်နေတာဖြစ်ပြီး ထိုင်းနိုင်ငံကို ကျောက်မီးသွေးတွေ တင်ပို့ရောင်း ချနေတာ ဖြစ်ပါတယ်။
စီမံကိန်းက စွန့်ပစ်လိုက်တဲ့ မြေဇာတွေနဲ့ ညစ်ညမ်းရေတွေကြောင့် ဥယျာဉ်ခြံမြေတွေ ထိခိုက်ပျက်စီးနေပြီး ဒေသ ခံတွေအသုံးပြုနေတဲ့ ဘန်းချောင်းထဲ စီးဝင်နေတာကြောင့် ချောင်းတိမ်ကောတာတွေရှိတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ဘန်းချောင်းကျောက်မီးသွေး တူးဖော်တဲ့စီမံကိန်းကို ပြန်လည်စိစစ်ဆောင်ရွက်ဖို့ ထားဝယ်အခြေစိုက် လူမှု အဖွဲ့အစည်းတွေစုပေါင်းပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။